အင်္ဂလန်နိုင်ငံ၏ အိမ်ခြံမြေကဏ္ဍအဖွံ့ဖြိုးဆုံးဖြစ်သည့် မန်ချက်စတာမြို့အပါအ၀င် အင်္ဂလိပ်မြို့ ကြီးအများစု၌အိမ်ပိုင်ဆိုင်သူအရေအတွက် လျော့နည်းကျဆင်းလာနေကြောင်း ဗြိတိန်စီးပွားရေး ပညာရှင်များက သတိပေးခဲ့သည်။
အင်္ဂလန်တွင် ကိုယ်ပိုင်အိမ်ပိုင်ဆိုင်မှု အမြင့်မားဆုံးကာလမှာ ၂၀၀၀ ပြည့်လွန်နှစ်များဖြစ်ပြီး ယခုအခါ အိမ်ခြံမြေဈေးနှုန်းကြီးမြင့်မှုက ပြည်သူများကို ပိုင်ဆိုင်မှုလက်မဲ့ ဖြစ်လာစေခဲ့ခြင်းဖြစ်သည်။
ဗြိတိန်စီးပွားရေး ဖောင်ဒေးရှင်းတစ်ခုဖြစ်သည့် Resolution Foundation ၏ ထုတ်ပြန်ချက်အရ အင်္ဂလိပ်မြို့ကြီးများတွင် အိမ်ပိုင်ဆိုင်သူအရေအတွက်မှာ ၂၀၁၃ ခုနှစ်က ၇၂ ရာခိုင်နှုန်းအထိ ရှိခဲ့သော်လည်း လက်ရှိ ၂၀၁၆ ခုနှစ်အရောက်တွင် ၅၈ ရာခိုင်နှုန်းသာ ကျန်ရှိတော့ကြောင်း သိရသည်။
အထူးသဖြင့် မန်ချက်စတာမြို့တွင် အိမ်ပိုင်ဆိုင်သူများမှာ ၎င်းတို့၏နေအိမ်များကို လက်လွှတ်ဆုံးရှုံးလာခဲ့သလို ၀က်စ်မစ်လန်းပြည်နယ်၏ မြို့ပြဒေသဖြစ်သည့် ၀က်စ်ယော့ခ်ရှိုင်းယား တွင်လည်း နေအိမ်နှင့် အခြားအိမ်ခြံမြေရောင်းချမှုများ ပိုမိုများပြားလာခဲ့သည်။ အလားတူပင် လန်ဒန်မြို့တွင်လည်း အိမ်ပိုင်ဆိုင်သူ ပမာဏမှာ ရာခိုင်နှုန်းအားဖြင့် ဂဏန်းနှစ်လုံးစာအထိ ကျဆင်းသွားခဲ့ကြောင်း သိရသည်။
Resolution Foundation မှ စီးပွားရေး ပညာရှင် မက်သရူးဝစ်တိတ်ကာက “၂၀၀၂-၀၃ ဘဏ္ဍာရေးနှစ်က အိမ်ပိုင်ဆိုင်မှုအရေအတွက်ကို အခုအချိန်မှာ လုံးဝမတွေ့မြင်ရတော့ပါဘူး။ ဒါဟာ ဘာကြောင့်လဲဆိုတော့ အိမ်ဈေးနှုန်းနဲ့ ကုန်ကျစရိတ်တွေက အိမ်ရှင်တွေရဲ့ ၀င်ငွေကို ကျော်လွန်နေလို့ပါပဲ” ဟု ပြောကြားခဲ့သည်။
Credit: Golden Hexagon