စီမံကိန်းဒီဇိုင်းများ ပြင်ဆင်ပြီး အထပ်အရေအတွက် လျှော့ချရမည့် ရန်ကုန်မြို့၌ အထပ်မြင့်စီမံကိန်း ၁၂ လုံးကို ဆောက်လုပ်နေသည့် ကုမ္ပဏီအချို့သည် ၀န်ထမ်းများကို လုပ်ခလစာမပေးနိုင်၍ လျှော့ချနေကြောင်း သတင်းရရှိသည်။
ဝန်ထမ်းအရေအတွက်လျှော့ချခြင်းကို အလုပ်သမားရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ဥပဒေများနှင့်အညီ လုပ်ခလစာများပေးပြီး လျှော့ချနေသည်ဟုလုပ်ငန်းရှင်အချို့က ပြောသည်။
လုပ်ငန်းခွင်လည်ပတ်မှုမရှိဘဲ လခပေးထားရသည်မှာ သုံးလကျော်ကြာမြင့်နေပြီဖြစ်သောကြောင့် ကြော်ငြာဝန်ထမ်း၊ ဒီဇိုင်းရေးဆွဲသူနှင့် ရုံးတွင်းပိုင်း ၀န်ထမ်းများ အပါအ၀င် စုစုပေါင်းဝန်ထမ်း ၃၀ ကျော်ကို ဇူလိုင်လကုန်၌ လျှော့ချလိုက်ရကြောင်း အထပ်အရေအတွက် လျှော့ချခံရသည့်စီမံကိန်းများတွင် ပါဝင်သည့် ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
‘‘ကျွန်တော့်ကုမ္ပဏီက နိုင်ငံခြားသားသုံးယောက်ကို စာချုပ်ချုပ်ထားတာ အခုတော့ လျော်ကြေး ပေးလိုက်ရတယ်။ သူတို့လည်း ဒီရက်ထဲ ပြန်တော့မှာ’’ဟု လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ရန်ကုန်မြို့ရှိ အထပ်မြင့်စီမံကိန်းများကို စစ်ဆေးရန် ခေတ္တရပ်ဆိုင်းနေစဉ် စီမံကိန်းဒီဇိုင်းပြင်ဆင်ပေးရမည့် ၁၂ လုံးအပြင် ထပ်မံစစ်ဆေးခံရသည့် ဆောက်လုပ်ရေးကုမ္ပဏီအများစုသည်လည်း ၀န်ထမ်းများ လျှော့ချနေသည်ဟု သိရသည်။
ရေရှည်တွင် ဆောက်လုပ်ရေးကုမ္ပဏီအချို့သည် ဘဏ်ချေးငွေ အတိုးမပေးနိုင်သဖြင့် ပေါင်နှံထားသည့် ပိုင်ဆိုင်မှုများကိုပါ ဘဏ်များက သိမ်းယူတော့မည့် အခြေအနေရှိနေကြောင်း အခက်အခဲဖြစ်နေသော ဆောက်လုပ်ရေးလုပ်ငန်းရှင်များက ဆိုသည်။
ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းများတွင် ဆောက်လုပ်ရေးနှင့် ပတ်သက်သည့် ဆက်စပ်လုပ်ငန်းအမြောက်အမြားရှိနေပြီး အစိုးရ၏ လက်ရှိအထပ်မြင့်များနှင့်ပတ်သက်သည့် မူဝါဒကြောင့် အားလုံး ရိုက်ခတ်မှု ရှိနေကြောင်း MKT ဆောက်လုပ်ရေးကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးမျိုးမြင့်က ပြောကြားသည်။
‘‘ကုမ္ပဏီတွေရော ကုမ္ပဏီတွေနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့လုပ်ငန်းတွေပါ အကုန်ထိတာ ဂယက်ကကြီးတယ်’’ဟု ဦးမျိုးမြင့်က ဆိုသည်။
လက်ရှိတွင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသည် ယခင်အစိုးရလက်ထက်ကတင်ပြခဲ့သည့် သုံးထပ်ခွဲအဆောက်အအုံများ၏ ပါမစ်လျှောက်ထားမှုများကိုပင် ခွင့်ပြုပေးမှု ရပ်နားထားပြီး သုံးထပ်ခွဲနှင့်အထက်၊ ၁၃ ထပ်နှင့်အထက် အဆောက်အအုံများ ပါမစ်အသစ် ထပ်မံလျှောက်ထားခြင်းများကို ရပ်ဆိုင်းထားသည်ဟု သတင်းရရှိသည်။
Credit: 7Daydaily