နေအိမ်ခြံစည်းရိုး နယ်နိမိတ် အပြင်ဘက် ရေမြောင်းတွေပေါ် ခွပြီး လမ်းနယ်နိမိတ် အထိေ၇ာက်အောင် နေရာယူထားကြတဲ့ ဆိုင်တွေ ၊ လမ်းဘေးဈေးသည်တွေကို မိမိအိမ်ရှေ့မှာ လာရောင်းလို့ဆိုပြီး နေ့စဉ် ဗန်းတစ်ဗန်းကို ဘယ်လောက်နှုန်းပေးရမယ် ဆိုတဲ့ ပြသနာတွေ နဲ့ ရန်ကုန်မြို့က ပလက်ဖောင်းဈေးသည်တွေ နေရာလုပြီး အချင်းချင်းမကြာခဏ ရန်ဖြစ်တာ ၊ ပလက်ဖောင်းဈေးသည်တွေနဲ့ စည်ပင်ဝန်ထမ်းတွေ အကြား ရန်ဖြစ်ကြ ပြေးတမ်းလိုက်တမ်းကစားကြတဲ့ ကိစ္စ ကတော့ မဟာရန်ကုန်ရဲ့နေ့တစ်ဓူဝ မရိုးနိုင်တဲ့ သူ့အရပ် သူ့ဇတ်နဲ့ အသုံးတော်ခံ ဇတ်လမ်းတစ်ပုဒ်ဘဲဖြစ်ပါတယ် ။
ရန်ကုန်မြို့တော်က မြို့လယ်ခေါင် လမ်းမကြီး တွေ တင်မကဘဲ မြို့စွန်က အကွက်အကွင်းကျတဲ့ နေရာတွေမှာပါ အခုနောက်ပိုင်း တော်တော်များများ တွေ့လာရတာကတော့ မြေပိုင်ရှင်တွေ တိုက်ခန်းပိုင်ရှင်တွေက ခြံစည်းရိုးနယ်နိမိတ် ကျော်ပြီး လမ်းမြေပေါ်အထိ ခြံခတ် သစ်ပင်စိုက်လာတာ တွေ ၊ ရေမြောင်းတွေကို ခွပြီး ဈေးဆိုင်ဆောက်တာ ၊ ကားထားဖို့ အတွက် ကားဂိုဒေါင်ဆောက်တာ တွေကိုပါ မိမိတို့ မြေပိုင်သဖွယ် ခြံစည်းရိုးခတ်တာတွေ လုပ်လာကြတာ တွေ တွေ့လာရပါတယ် ။
လတ်တလော ပြသနာ မရှိပေမယ့် လည်း လမ်းဧရိယာတွေ ကျဉ်းသွားပြီး ပြည်သူတွေ သွားလာရတာ တော့ ခက်ခဲလာတဲ့ လမ်းတွေလည်း ယနေ့ ရန်ကုန်မှာ နည်းမယ် မထင်ပါဘူး ။ စည်ပင်ပိုင် လမ်းဒါမှမဟုတ် အများပြည်သူ ပိုင်နေရာ တွေကို အခုလို ခြံစည်းရိုးကာနေတာကတော့ ဥပဒေနဲ့ မညီတာ အားလုံး အသိဘဲ ဖြစ်ပါလိမ့်မယ်။
ဒါ့အပြင် အခုနောက်ပိုင်းမြို့သစ်တွေမှာပါ အတွေ့များလာတာကတော့ နေထိုင်တဲ့ သူတွေ စားဝတ်နေရေး လွယ်ကူ အဆင်ပြေအောင် ရပ်ကွက်ဈေးတွေ လမ်းတွေ အပေါ်မှာ လုပ်လာတဲ့ အခါ ဈေးခင်းကျင်းရောင်းချတဲ့ လမ်းသွယ်တွေ ၊ လမ်းမကြီး ပေါ်ကို မေးတင်ထားတဲ့ အိမ်ရှင်တွေကပါ အိမ်မျက်နှာစာ ရှေ့မှာ ဈေးလာရောင်းတဲ့ ဈေးသည်တွေ ဆီကနေ တစ်နေ့ကို ဈေးဗန်းတစ်ဗန်းစာ အတွက် ဘယ်လောက်ဆိုပြီး သတ်မှတ်ကောက်ခံကြသလို ကျေကျေနပ်နပ်ပေးနေတဲ့ ဈေးသည်တွေက လည်အများအပြား ရှိလာပါတယ် ။
ဒါပေမယ့် မြို့သစ်တွေမှာ ဈေးမရှိဘူးလားလို့ မေးရင် မြို့ကွက်စဖော်ထုတ်ကတည်း က အနှစ်နှစ်ဆယ် ကျော်လာတဲ့ အချိန်အထိ ဈေးနေရာ သတ်မှတ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ဈေးအဖြစ် ပီပီပြင်ပြင် မလုပ်နိုင်တဲ့ ဈေးတွေ ၊ ဈေးနေရာသတ်မှတ်ထားပြီး ဈေးနေရာ မကျုးကျော်ရ ဆိုတဲ့ ဆိုင်းဘုတ် တပ်ထားတဲ့ ကားလမ်းဘေး လယ်ကွင်းတွေ ထဲကဈေးနေရာလေးတွေ လည်း အများအပြားရှိနေကြတာ ဖြစ်ပါတယ်။
ဈေးအဖြစ် ပီပီပြင်ပြင် မလုပ်နိုင်တဲ့ နေရာတွေမှာတော့ အခုလို ရပ်ကွက်ထဲက လူစည်းကားတဲ့ လမ်းမတွေပေါ် တက်ပြီးရောင်းနေကြတာကို တော့ အပြစ်ဆိုဖွယ်ရာ မရှိပါဘူး ၊ ဒါကြောင့်လည်း အိမ်ရှင်တွေဘက်ကလည်း အိမ်မျက်နှာစာ ပိတ်လို့ လာမရောင်းနဲ့ ဆိုပြီး တားရင်လည်း စည်ပင်ပိုင်လမ်းပေါ်တက်ရောင်းတာ ဘာဖြစ်လဲဆိုပြီး ဘုတောကြမှာ သေချာတဲ့ အတွက် ဈေးရောင်းတဲ့လူတွေလည်းအဆင်ပြေ အိမ်ရှင်အခန်းရှင်တွေကလည်း ၀င်ငွေရအောင်လို့ ဈေးဗန်းတစ်ဗန်းကို တစ်နေ့စာ ဘယ်လောက်ပေးရမယ် ဆိုပြီး အပေးအယူ နဲ့ သူ့အရပ်သူ့ဇတ်အလုပ်ဖြစ်နေတာ မဟာရန်ကုန်မှာ အချိန်တော်တော်ကြာခဲ့ပါပြီ။
ရန်ကုန်မြို့ရဲ့နာမည်တပ် လမ်းတွေ ၊ နံပါတ်တပ်လမ်းတွေရဲ့ ပလက်ဖောင်းပေါ်က ဈေးသည်တွေ ဈေးရောင်းကြတဲ့ အခါ ပလက်ဖောင်းပေါ်ရောင်းနေတာ ဖြစ်ပေမယ့် မြေညီထပ် အခန်းရှင်တစ်ချို့က နေ့စဉ်ကြေး ကောက်ပြီး အဆင်ပြေအောင် ရောင်းချခွင့် ပြုလာကြပါတယ် ၊ အစိုးရ လမ်းမြေပေါ်မှာ ဈေးရောင်းတာကို အိမ်ရှင်တွေက ဈေးသည်တွေ အပေါ်မှာ နေ့စဉ်ကြေးသာ ကောက်တက်ကြပေမယ့် ဒီဈေးသည်တွေ ပြန်သွားရင် ကျန်ခဲ့တဲ့ အမှိုက်သရှိုက်တွေ အတွက် ရှင်းလင်းရေး လုပ်ဖို့ အတွက်ကျတော့ မသိကျိုးကျွံပြုနေဆဲ ဖြစ်ပါတယ် ။ ဈေးသည်တွေ ရှင်းလင်းသွားလို့ အားလုံး အိမ်ပြန်ကျပြီ ဆိုရင်တော့ မဟာရန်ကုန်ရဲ့လမ်းမပေါ်မှာ အစောင့်အဖြစ် ကျန်ခဲ့တာကတော့ တောင်လိုရာလိုပုံနေတဲ့ အမှိုက်တွေဘဲ ဖြစ်ပါတယ် ။
စည်ပင်က လွှဲလို့ ဒီအမှိုက်တွေ သိမ်းတဲ့ လူမရှိပါဘူး ။
ရန်ကုန်မြို့ အနော်ရထာလမ်းမပေါ်က လေးပေ ပတ်လည် ပလက်ဖောင်း ပေါ်က ဈေးရောင်းချစရာ တစ်ကွက်တန်ဖိုးက လည်း အနည်းဆုံး ကျပ် ဆယ်သိန်းအထက်မှာ ပေါက်ဈေးရှိပါတယ် ။ ဒါတောင် သားစဉ်မြေးဆက် အမွေပေးခဲ့သလို မျိုး လက်ဆင့်ကမ်းရောင်းဝယ်နေကြတာတွေလည်း သူ့ဈေးကွက်နဲ့ သူရှိကြတာများပါတယ် ၊ မယုံရင်ညနေ သုံးနာရီနောက်ပိုင်း ရောင်းခွင့်ရှိတဲ့ ရန်ကုန်မြို့က ထင်ရှားပြီး လူစည်ကားတဲ့ ပလက်ဖောင်းပေါ်မှာ နေရာလွတ်တယ် ဆိုပြီး ဈေးဗန်းတစ်ဗန်းချပြီးရောင်းကြည့်လိုက်ပါ။ နာရီဝက်မကြာ အမြဲတမ်းရောင်းနေတဲ့ လူတွေ ဆိုပြီး အုပ်လိုက် ရောက်လာကြပါလိမ့်မယ် ။ အခန့်မသင့်ရင် ရန်ပွဲတောင် အကြီးအကျယ် ဖြစ်နိုင်ပါတယ်။
လမ်းဧရိယာ နယ်ထဲမှာ ၀ယ်သူရှိလို့ စားဝတ်နေရေး အတွက် ဈေးရောင်းတာ ၊ ကိုယ့်အိမ်ရှေ့ မျက်နှာစာကို ပိတ်ပြီး ဈေးလာရောင်းတဲ့ အတွက် အိမ်ရှင်တွေ တိုက်ခန်းရှင်တွေ က အခကြေးငွေ ယူကြတာကို မပြောလိုပေမယ့် ကျန်ခဲ့တဲ့ အမှိုက်တွေ ၊ ဈေးဆိုင်တွေကြောင့် လမ်းပိတ်ဆို့မှု တွေ နည်းပါးသွားအောင် စည်းစနစ်တကျ နဲ့ ကိုယ့်အရပ်ထဲကိုယ့်ဇာတ် ညွှန်းလေးအတိုင်း အသိစိတ်ဓတ်ရှိရှိ ရှင်းလင်းသွားကြရင် လမ်းပိတ်ဆို့မှုလည်း သက်သာ ၊ အမှိုက်တွေလည်း ရှင်းလင်း ၊ ဈေးသည် အိမ်ရှင်တွေလည်း အားလုံး အဆင်ပြေကြမှာ ဖြစ်ပါတယ် ။
လမ်းပေါ်မှာ ကျုးကျော်ဈေးရောင်းတာကို လက်ခံပြီး အခကြေးငွေယူတဲ့ ကိစ္စတွေ ၊ ဆိုင်တွေဆိုရင် လမ်းနှုတ်ခမ်းရောက်တဲ့ အထိ ဆောက်ပြီး မူလနေတဲ့ အိမ်ထက် ကြီးအောင် ဆောက်လာတတွေ၊ လမ်းဧရိယာ အထိ ရောက်အောင် မိမိပိုင်မြေနေရာသဖွယ် ခြံစည်းရိုးခတ်အပိုင်စီးတာတွေ
ကြောင့် မြောင်းတွေ ထဲမှာ အမှိုက်တွေ ပိတ် ပြီး ရေကြီးရေလျှံတဲ့ ကိစ္စတွေ ဖြစ်လာပါတယ် ။ ၊
စည်ပင်ဘက်ကလည်း ရေစီးရေလာကောင်းအောင် လုပ်မယ် ဆိုပြီး မြောင်းလှန်မယ် မြောင်းတွေ ပြန်ဖော်မယ် လုပ်ပြန်ရင်လည်း အိမ်ရှင်တွေနဲ့ ပြသနာ ဖြစ်ကြရတဲ့ အပြင် ဈေးဗန်းတွေ ဆိုင်တွေကို လမ်းဧရိယာ အထိ ခင်းကျင်းဆောက်လုပ်လာတာကြောင့်လည်း လမ်းအကျယ် တွေ တစ်ဖြည်းဖြည်းကျဉ်းမြောင်း လာပြီး အများပြည်သူ သွားလာရေး ခက်ခဲစေခဲ့ပါတယ် ။
ဒါပေမယ့် လမ်းတွေပိတ် မြောင်းတွေ ပိတ်ပြီး အခုလို မျိုး မိုးရာသီမှာ ရေကြီးရေလျှံမှု ပြသနာ တွေ ဖြစ်လာရင်တော့ အားကုန်လုံးက ကိုယ်နဲ့ မဆိုင်သလို နှာစေးနေခဲ့ကြပြီး တာဝန်မရှိသလိုဘဲ ခပ်ခွာခွာခပ်ကင်းကင်းနေကြတဲ့ အတွက် ဒီဒုက္ခတွေကို ရပ်ကွက်နေပြည်သူတွေ ဘဲ မျှဝေခံစားနေရတာ နေ့တစ်ဓူဝ ဖြစ်ပါတယ် ၊ တစ်ချို့ ရပ်ကွက်တွေဆိုရင် မိုးတွင်းရောက်တဲ့ အခါ မိုးသည်းသည်းမဲမဲရွာ မြောင်းတွေ ပိတ်ပြီး နှစ်စဉ်ရေကြီးရေလျှံ ဖြစ်နေရတဲ့ ရပ်ကွက်တွေ လည်း ရန်ကုန်မှာ နည်းမှာ မဟုတ်တာ သေချာပါတယ် ။ ရေကြီးရေလျှံတာတွေဖြစ် ရေထွတ်ပေါက်မှာ အမှိုက်တွေ ပိတ်လို့ ရေတွေ မစီးနိုင်တဲံ ရပ်ကွက်တွေမှာ သွေးလွန်တုပ်ကွေးကအစ နောက်ဆက်တွဲရောဂါတွေ ဖြစ်လာနိုင်တာ ဘယ်သူ့မှာ တာဝန်ရှိပါသလဲ။
သိန်းထောင်ချီ သောင်းချီ တန်တဲ့ ကိုယ်ပိုင်အိမ်ခြံဝန်းနဲ့ နေနေတဲ့ သူဌေးတစ်ချိှု့လည်း ကားအကောင်းစားတွေ စီးပြီး ဒီမိုကရေစီ ဆန်ဆန် ခြံရှေ့လမ်းမကြီးပေါ် လွတ်လွတ်လပ်လပ် အဖီချလို့ ကျုးနေတဲ့ လူမလိုင်တွေလည်း အများကြီး ဖြစ်လာနေပါပြီ ။ လမ်းနယ်နိမိတ် အထိ ရေမြောင်းတွေ ကို ခွပြီး ဆောက်ထားတဲ့ ဆိုင်ခန်းတွေ ၊ ရပ်ကွက်ဈေးတွေ ထဲက ဈေးသည် တွေရဲ့ အမှိုက်သရိုက်တွေ ကြောင်လည်း ယနေ့ ရန်ကုန်မြို့ကြီးမှာ ရေကြီးရေလျှံတာတွေ ဖြစ်လာသလို စည်ပင်သာယာ ဘက်ကလည်း နေရာစုံ လိုက်ပြီး ရှင်းဖို့ ခက်တဲ့ ဘတ်ဂျတ် အခြေအနေ၊ လူအင်အားနည်း ပါးမှု ကြောင်လည်း ရေတောထဲရောက်နေတဲ့ ပြည်သူတွေလည်း နည်းမှာ မဟုတ်ပါဘူး။
လမ်းတွေ ပေါ်ကဈေးသည်တွေ ၊ ဆိုင်တွေကို ရှင်းလင်းဖို့ ဆိုတာကလည်း သိပ်လွယ်လှ တဲ့ ကိစ္စတော့ မဟုတ်ပါဘူး ၊ ဥပဒေ စိုးမိုးမှု ရှိရမယ့် အပြင် ဈေးသည်တွေ ၊ အိမ်ရှင်တွေ တိုက်ခန်းရှင်တွေ အနေနဲ့လည်း အသိရှိရှိပူးပေါင်းပါဝင်ဖို့ လိုပါတယ် ၊ လမ်းဘေးဈေးသည်တွေ ၊ ကျုးကျော်ဆိုင်ခန်းတွေ ကို လူအင်အားသုံး ဖျတ်သိမ် ရှင်းလင်းလိုက်တာ နဲ့ တင် ကိစ္စပြီးတာ မဟုတ်ဘဲ ဈေးသည်တွေ ရဲ့စားဝတ်နေရေး အတွက်လည်း ပြည့်စုံလုံလောက်တဲ့ ဈေးနေရာ တစ်ခုကို အရင်ဖန်တီးပြီးမှသာ ရှင်းလင်းဖို့ လိုပါတယ် ။
ပလက်ဖောင်းဈေးသည်ဘဲဖြစ်ဖြစ် ၊ မြို့သစ်က လမ်းဘေးဈေးသည်ဘဲ ဖြစ်ဖြစ် ၊ ဈေးသည်ဆီက အခကြေးငွေ ယူထားတဲ့ အခန်းပိုင်ရှင်ဘဲဖြစ်ဖြစ် အသိတရား လက်ကိုင်ထားကြပြီး တစ်နေ့စာ အမှိုက်ကို တစ်နေ့စာ ရှင်းလင်းကြမယ် ၊ အမှိုက်တွေကို ဖြစ်ကလက်ဆန်း မပုံကြဘဲ စနစ်တကျ အမှိုက်တွေ စုပုံပေးကြမယ် ၊ ခြံစည်းရိုးကို လမ်းအထိ ကာပြီးအမွေဆိုင် အိမ်လို ယူထားတဲ့ လူတွေလည်း ရေစီးရေလာကောင်းအောင် မြောင်းတွေကို ပိတ်ပြီး ခြံစည်းရိုးခတ်တာတွေ မလုပ်ကြဘူး ဆိုတဲ့ အများအတွက် ကောင်းမွန်မျှတမယ့် အသိတရားလေး ကို လက်ကိုင်ထားပြီး ဆောင်ရွက်ပေးဖို့ လိုပါတယ် ။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com