ကိုယ့်ပိုင်ဆိုင်မှုမဟုတ်သည့်အရာကို ငှါးရမ်းသုံးစွဲရပြီဆိုကတည်းက တစ်ချိန်တွင် ထိုအရာကို မူပိုင်ဆိုင်သူထံ ပြန်လည်အပ်နှံရမည်မှာ သေချာပေါက်
သဘောတရားဖြစ်သည်။ လူ့အဖွဲ့အစည်းအတွင်း ရပ်တည်နေထိုင်မှုပြုကြသသူအချင်းချင်းကြားမှာလည်း ထိုသဘောတရားက ကင်းကွာလွဲဖယ်ခြင်းမရှိ။ အိမ်ရာကိုယ်ပိုင်မရှိသူတို့က အိမ်ရာကိုယ်ပိုင်ရှိသူတို့ထံမှ နေထိုင်အခြေချခွင့်ကို သဘောတူညီမှုတစ်ရပ်ဖြင့်လဲလှယ်ကာ နေထိုင်ခြင်းပြုမှုများ ရှေးယခင်အတီတေကတည်းက ရှိခဲ့ဖူးပြီးဖြစ်သည်။ အိမ်ရှင်-အိမ်ငှါး ဆိုသည့် လူတန်းစားအတွဲအဖက်နှစ်ရပ်သည် မြန်မာ့လူ့အဖွဲ့အစည်းမှာသာမဟုတ် ကမ္ဘာပေါ်ရှိ မည်သည့်နိုင်ငံ၊ မည်သည့်လူ့အဖွဲ့အစည်း၌မဆို ယခင်ကလည်းရှိခဲ့၍ ယခုလည်းရှိနေဆဲဖြစ်ကာ နောင်တွင်လည်း ရှိနေလိမ့်ဦးမည်ဖြစ်သည်မှာ မုချဧကန်။
မြေလွတ်မြေရိုင်းပေါများစဉ်အခါကာလများတုန်းကတော့ မြန်မာ့လူ့အဖွဲ့အစည်းအတွင်း အိမ်ရှင်-အိမ်ငှါး အရေးသည် သူစိမ်းပြင်ပြင်ဖြစ်ခဲ့၏။ ရပ်ရွာပြောင်းရွှေ့အခြေချလာသည့်အိမ်ထောင်စု ဖြစ်သည့်
တိုင် အသစ်ရောက်လာသည့်ရပ်ရွာ၌ လစ်လပ်သောမြေကွက်တွင်အိမ်ဆောက်ကာ နဂိုရှိနှင့်သူတို့သဘောတူညီချက်ဖြင့် အခြေချနေထိုင်နိုင်၏။ တစ်ရပ်တစ်ရွာသို့ ရောင်းဝယ်ဖောက်ကား ခရီးသွားကြသူများအနေဖြင့်လည်း တည်းစရာခိုစရာ ဘုန်းတော်ကြီးကျောင်းများက ဗုဒ္ဓဘာသာအဖွဲ့အစည်းအတွင်း လက်ညှိုးထိုးမလွဲ ရှိနေသည်။ သို့မဟုတ်ပါကလည်း ရပ်ရွာအတွင်းရှိ ဩဇာတိက္ကမကြီးသူ၏အိမ်၌ စတည်းချကာ အရောင်းအ၀ယ်ကုန်သွယ်ခြင်းအမှုပြုနိုင်သည်သာ။ အကယ်၍ တစ်ရပ်တစ်ရွာမှပြောင်းရွှေ့လာသူများအနေဖြင့် မြေလွတ်တွင်အိမ်သစ်ဆောက်ရန် အာသီသမရှိဘဲ အသင့်နေထိုင်နှင့်ပြီးဖြစ်သည့်အိမ်ရာကို တန်ဖိုးသင့်ဝယ်ယူကာနေထိုင်ခြင်းဖြင့်လည်း အိမ်ရှင်အပြောင်းအလဲသာဖြစ်ပြီး အငှါးအရမ်းပြဿနာမရှိ။
အိမ်ငှါးနေသည့်အလေ့အထက ကိုလိုနီခေတ် အစိုးရ၀န်ထမ်းများအပြောင်းအလဲပြုရာမှ စသည်ဟု ခန့်မှန်းရသည်။ ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးသည်၏နောက် တစ်နိုင်ငံလုံးကို အစိုးရအုပ်ချုပ်မှုယန္တရားအတွင်း သွတ်သွင်းပြီးသကာလ အစိုးရ၀န်ထမ်းများကို နယ်ပြောင်းနယ်လွဲလုပ်ကာ တာဝန်ထမ်းဆောင်စေသည်။ ပြောင်းရွှေ့လာရသောဝန်ထမ်းအနေဖြင့် မြို့သစ်၊ နယ်သစ်တွင် အိမ်ဆောက်ရန်၊ အိမ်ဝယ်ရန် ရုတ်တရက်အဆင်မပြေသေးရကား လောလောဆယ်နေမည့်သူကင်းလျက် လစ်လပ်နေသည့်အိမ်ကို စုံစမ်းကာ ပိုင်ရှင်ထံမှ အခကြေးငွေဖြင့်ငှါးရမ်းနေထိုင်ရတော့သည်။ ထိုခေတ်ထိုအခါကတော့ ငှါးစားရန်ရည်ရွယ်၍ အိမ်အပိုဆောက်လုပ်ထားသူများ အလွန်တရာနည်းပါးသေးသည်။ နေရန်ဆောက်လုပ်ထားပြီးမှအကြောင်းအမျိုးမျိုးကြောင့်ပြောင်းရွှေ့နေထိုင်ခြင်းမပြုနိုင်သည့်အိမ်များသာအလကားထားရမည့်အတူတူအငှါးချ
ထားခြင်းဖြစ်သည်။
တစ်စတစ်စဖြင့် မြေကွက်ဝယ်ယူထားခြင်းသည် ငွေသားစုဆောင်းခြင်းထက်တွက်ခြေကိုက်သော ရင်းနှီးမြှုပ်နှံမှုဖြစ်သည်ကို သိလာသူများက အိမ်များ၊ ခြံများ၊ မြေများကို ၀ယ်ယူစုဆောင်းကြသည်။ ၀ယ်ယူစုဆောင်းစဉ်ကတော့ ရည်ရွယ်ချက်ကြီးကြီးမားမားလည်းရှိပုံမရ။ လက်ထဲရှိငွေပိုငွေလျှံကို ဒီတိုင်းထားလျှင်တိုးပွားကိန်းမရှိ။ ဘဏ်တိုးဆိုသည်ကလည်း မက်မောဖွယ်မမြင်။ ရွှေဝယ်ပြီးသိမ်းဆည်းထားရန်ကလည်း ခိုးသားဓားပြဘေးကြောက်ရသေးသည်။ အိမ်ခြံမြေ၀ယ်ထားလိုက်သည်က နောင်တစ်ချိန်ပြန်ရောင်းလိုလျှင် ငွေပေါ်သည်။ အိမ်ခြံမြေဈေးက သိသိသာသာကျသည်ဟုမရှိ။ သည်ကြားထဲ အိမ်ရာအသစ်ဆောက်လုပ်နေထိုင်ချင်သည့်စိတ် ပေါ်လာပါက မြေအသင့် အသာဆောက်ပြီးတက်နေလိုက်ရုံ။ သည်လိုစိတ်ကူးမျိုးဖြင့် လက်ထဲတွင်ငွေပိုငွေလျှံရှိသူများက အိမ်ခြံမြေအပိုဝယ်ယူထားကြသည်။ နေစရာအလွယ်တကူရှာမရသူတို့အနေဖြင့် ငှါးရမ်းနေထိုင်ရန်အိမ်ကိုရှာဖွေရင်း အိမ်ပိုဝယ်ထားသူများနှင့် အကြောင်းအပေါင်းသင့် ဆက်သွယ်မိကြသည်။ ပိုင်ရှင်အနေဖြင့် အလွတ်အတိုင်းထားသည့်အိမ်ကို ပြုပြင်ထိန်းသိမ်းစောင့်ရှောက်ဖော်လည်းရ၊ အိမ်ငှါးခငွေကြေးလည်း ထွက်လာသည်ဖြစ်ရကား ၀မ်းမြောက်ဝမ်းသာအငှါးချတော့သည်။ အိမ်ငှါးအဖို့လည်း ၀ယ်ယူရသလောက် ငွေကြေးအလုံးလိုက်အခဲလိုက်မကုန်ကျဘဲ နေစရာနေရာတစ်ခု ဣနြေ္ဒရရရှိသွားပြီဖြစ်ရကား တိုင်းကရ်သည့်ပက္ကလာ မိုးရွာသည်နှင့်အခန့်သင့်။
အိမ်ခြံမြေ ၀ယ်ယူစုဆောင်းခြင်းအမှု စတင်လုပ်ဆောင်ကြစဉ်တုန်းကတော့ မြေဈေးတွေ ခုလောက်မမြင့်သေး။ အ၀ယ်တွေကလည်း ဒရောသောပါးအဆင့်မဟုတ်။ တည်တည်ငြိမ်ငြိမ်နှင့် အေးအေးဆေးဆေး။ အိမ်ငှါးခတွေကလည်း သုံးလတစ်ခါ၊ ခြောက်လတစ်ခါ မပြောနှင့် တစ်နှစ်တစ်ခါ၊ နှစ်နှစ်တစ်ခါပင် တက်သည်မဟုတ်။ မေ့လောက်ရှိမှ လေးငါးနှစ်တစ်ခါဆိုသလို တိုးသည်ဆိုရုံလေးတိုးယူသည်။ သည်တော့ အဲသည်ခေတ်အိမ်ငှါးတွေသည် ခုခေတ်အိမ်ငှါးများကဲ့သို့ ဖိစီးမှုအထွေထွေဖြင့်ပြားကပ်နေရသည့်အနေအထားမဟုတ်။ ကိုယ့်အိမ်ကိုယ့်ရာအလား ထည်ထည်ဝါ၀ါနေနိုင်သည်။ အချို့အိမ်ငှါးများဆိုလျှင် သမ၀ါယမလူကြီး၊ ကောင်စီလူကြီး စသဖြင့် ရပ်ရွာမျက်နှာဖုံးစာရင်းဝင်သည်အထိ။ ငှါးနေသည့်အိမ်သို့ပြောင်းရွှေ့ပြီးမှမွေးဖွားသည့် မျိုးဆက်များအနေဖြင့်
ကြီးပြင်းလာသည့်တိုင် သူတို့ကိုယ်သူတို့ အိမ်ငှါးဖြစ်သည်ဟူသောအသိ မရှိတော့။ မွေးကတည်းကနေလာပြီး ကြီးပြင်းချိန်တစ်လျှောက်လုံးကျင်လည်ခဲ့သည့် သည်ဝန်းကျင်သည် သူတို့၏ကိုယ်ပိုင်ဟုသာ စိတ်တွင်ပြဋ္ဌာန်းပြီးဖြစ်တော့သည်။
လူနေထူထပ်လာသည်နှင့်အမျှ မြေတွေဈေးကောင်းလာသည့်အချိန်မှာတော့ သဟဇာတသက်တမ်းရှည်ကြာသည့် အိမ်ရှင်နှင့်အိမ်ငှါးတို့ ပဋိပက္ခဇာတ်ဝင်ခန်းကို ပက်ပင်းကြုံတွေ့ရတော့သည်။ အိမ်ငှါးမိသားစု လက်ရှိနေနေသောမြေနေရာတွင် ဆောက်လုပ်ရေးကန်
ထရိုက်တာ၏ပံ့ပိုးမှုဖြင့် အထပ်မြင့်တိုက်ခန်းဆောက်ရန် မြေရှင်က စိတ်ဝင်စားသည်။ သို့ဖြစ်၍ ယူထားသောစပေါ်ပြန်အမ်းကာ အိမ်ငှါးကိုနှင်သည်။ အိမ်ငှါးအနေဖြင့် လက်ရောက်ပြန်ရသောစပေါ်ငွေဆိုသည်မှာ ကာလအတီတေ ပဝေသဏီကတည်းက သူပေးထားသောပမာဏအတိုင်းသာဖြစ်ရကား ထိုပမာဏမျှလောက်ဖြင့် နေစရာတစ်ခုလဲလှယ်မရနိုင်။ ထို့ကြောင့် ဖယ်မပေးနိုင်ကြောင်း တွက်ကပ်တော့သည်။ သည်မှာတင် စိတ်ထွက်လာသောမြေရှင်က ဥပဒေကြောင်းအရ ဆိုင်ရာမှစကားပြောသည်။ သူထိုသို့ပြောသော်လည်း ပြောသာပြော အမောသာအဖတ်တင်၍အကျိုးအမြတ်မျှင်မျှင်လေးသော်မျှမရ။ အဘယ်ကြောင့် ထိုသို့ဖြစ်ရပါသနည်း။
အချင်းဖြစ် မြေနှင့်အိမ်ကို ပိုင်ရှင်တို့အားဆန့်ကျင်၍ ၁၂ နှစ်ကျော် လက်ရှိထားခဲ့ပါမူ ဆိုင်ရာပိုင်ရှင်တို့အနေဖြင့် ယင်းပစ္စည်းများတွင်ပိုင်ဆိုင်ခွင့်မှာ ကုန်ဆုံးပြတ်စဲသွားသည်ဟု
ကာလစည်းကမ်းသတ်ဥပဒေ ပုဒ်မ ၂၈ တွင် အတိအလင်းဋ္ဌြာန်းထားခြင်းကြောင့်ပင်တည်း။ ဆိုလိုသည်ကား အိမ်နှင့်မြေ၏မူလပိုင်ရှင် ဦးကသည် ဦးခအား အငှါးချထားသည်မှာ သက်တမ်း ၁၂ နှစ် ကျော်လွန်ပါက ပိုင်ရှင်ဦးကအနေဖြင့် ငှါးသူဦးခကို တရားစွဲဖယ်ရှားပိုင်ခွင့်မရှိတော့ပေ။ ထို့ကြောင့် အိမ်ပိုင်ရှင်သည် အိမ်ငှါးနှင့်နားလည်မှုယူကာ ညှိနှိုင်းမှုပြုခြင်းဖြင့်သာ အကျိုးတစ်ရပ်ရရှိအောင်လုပ်ဆောင်ရတော့သည်။ ဥပဒေက အိမ်ငှါးကိုတရားစွဲဆိုဖယ်ရှားခြင်းမပြုနိုင်အောင် အကာအကွယ်ပေးထားသည်မှန်သော်လည်း အချင်းဖြစ်အိမ်နှင့်မြေကို အိမ်ငှါးဖြစ်သူပိုင်ဆိုင်သည်ဟုလည်း သတ်မှတ်ချက်ပေးထားသည်မဟုတ်။ သည်တော့ အနေကြာပြီး ဖယ်ရှားခံရစရာမရှိသည့်အိမ်ငှါးက မိမိပိုင်သည်ဟုအထင်ရောက်ပြီး ထိုအိမ်နှင့်မြေကို တစ်ဆင့်ပြန်လည်ရောင်းချခြင်းပြုကြသည်။
များသောအားဖြင့် ဆိုခဲ့ပါအိမ်နှင့်မြေမျိုးသည် ပိုင်ဆိုင်မှုအထောက်အထားပြည့်စုံစွာမရှိခြင်းကြောင့် ကာလပေါက်ဈေးထက်လျော့နည်းစွာ ရောင်းချကြမြဲဖြစ်သည်။ ၀ယ်ယူသူသည် အကြင်အိမ်နှင့်မြေ၏ရာဇ၀င်ကို ဇာစ်ဇာစ်မြစ်မြစ်မသိဘဲ ဈေးသက်သာခြင်းတစ်မျိုး
တည်းကြည့်ကာ ၀ယ်ယူလိုက်ပါက မိမိလက်ထဲရောက်မှ မပြည့်စုံသောပိုင်ဆိုင်မှုအနေအထားများကြည့်ကာ
နောင်တရကောင်းရနိုင်သည်။ မိမိပိုင်ဆိုင်မှုအပေါ် ခြိမ်းခြောက်ရန်သတ္တရုပြုမည့်အရေး မရှိသည့်တိုင်အောင် အရောင်းအ၀ယ်မြေပုံကူးရန်မှအစ အရောင်းအ၀ယ်စာချုပ်ချုပ်ဆိုခြင်းအလယ်၊ ဂရန်မြေအမည်ပြောင်းခြင်းအဆုံး မူလအမည်ပေါက်ပိုင်ရှင်က တာဝန်မယူမည်မှာသေချာနေသည့်အပြင် ပိုင်ရှင်အစစ်က ကန့်ကွက်ခြင်း၊ တရားစွဲခြင်းတို့ ပြုလာခြင်းကိုလည်း ရင်ဆိုင်ရနိုင်သည်။ ထို့ကြောင့် မူလပိုင်ရှင်၏နှင်ထုတ်ခြင်းမခံရဘဲ နေထိုင်ခွင့်ပေးထားရုံရှိ
သည့် အိမ်နှင့်မြေကို ဈေးသက်သာရုံမျှကြည့်ပြီး လက်ရှိနေထိုင်သူထံမှဝယ်ယူလိုသူတို့ ဆင်ခြင်နိုင်ရန် ရေးသားသတိပေးလိုက်ရခြင်းဖြစ်ပေသည်။
ကိုချစ်ခင် မှ iMyanmarHouse.com အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com