ရန်ကုန်စတော့အိတ်ချိန်းတွင် အရောင်းအဝယ်ပြု လုပ်လျက်ရှိသည့် FMI ကုမ္ပဏီ၏ ရှယ်ယာဝယ်လိုအားများ သြဂုတ် ၃ ရက်ကစံချိန်တင်ကျဆင်းခဲ့ပြီး ရှယ်ယာဈေးနှုန်းများ လိုက်ပါကျဆင်းလာကြောင်း စတော့ဈေး ကွက်လေ့လာသူများထံမှ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် မတ် ၂၅ ရက်စတင်ရောင်းချချိန်မှ စတင်ကာ အနိမ့်ဆုံးရှယ်ယာအရောင်းအဝယ်ပမာဏအဖြစ် ရှယ်ယာ စုစုပေါင်း ၈၄၆ ခုသာ သြဂုတ် ၃ ရက်က အရောင်းအဝယ်ဖြစ်ခဲ့ပြီး သြဂုတ် ၃ ရက် FMI ရှယ်ယာတစ်စုလျှင်ကျပ် ၂ဝဝဝဝ မှ သြဂုတ် ၄ ရက်တွင်ကျပ် ၁၉၅ဝဝ သို့ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စတော့ဈေးကွက်လေ့လာသူ ဦးကြည်ရှိန်က ''ရှယ်ယာဈေးကွက် မှာအရောင်းအဝယ်ကတော့ သိသိသာသာကျဆင်းနေတယ်။ မနေ့က ရန်ကုန်စတော့အိတ်ချိန်းမှာ အရောင်းအဝယ်ဖြစ်တဲ့ ကုမ္ပဏီတွေ အရောင်း အဝယ်ဖြစ်တဲ့ ပမာဏက ထောင်မကျော်ဘူး။ FMI ဆိုရင် ရှယ်ယာစရောင်းကတည်းက အနိမ့်ဆုံးပမာဏလို့ပြောလို့ရတယ်''ဟု ဆိုသည်။
သြဂုတ် ၄ ရက်တွင် FMI အနေဖြင့် ရှယ်ယာတစ်စုလျှင်အမြင့်ဆုံးဈေးကျပ် ၂ဝဝဝဝ မှ အနိမ့်ဆုံးဈေးကျပ် ၁၉၅ဝဝ ဖြင့် ရှယ်ယာစုစု ပေါင်း ၁၂ဝ၉ ခု၊ တန်ဖိုး ၂၃၄၈ဝဝ၁၃ ကျပ်နှင့် သီလဝါအများပိုင်ကုမ္ပဏီ FMI အနေဖြင့် ရှယ်ယာဈေးနှုန်းကျပ် ၄၇ဝဝဝ ဖြင့် စုစုပေါင်းရှယ် ယာပမာဏ ၉၈၄ ခု၊ တန်ဖိုးကျပ် ၄၆၂၄၈ဝဝဝ အရောင်းအဝယ် ဖြစ်ခဲ့ကြောင်း သိရသည်။
ရှယ်ယာဈေးကွက်လေ့လာသူ ကိုစိုးပိုင်က ''ရှယ်ယာအရောင်းအ ဝယ်ကတော့ တော်တော်လေးကျဆင်းနေတယ်။ ဒီနေ့တော့ FMI က ဈေး ထပ်ကျပြီးတော့ အရောင်းအဝယ်တော့ နည်းနည်းပြန်တက်လာတယ်''ဟု ဆိုသည်။ လာမည့်သြဂုတ် ၇ ရက်တွင် ပြုလုပ်မည့် FMI ကုမ္ပဏီ၏ရှယ်ယာ ရှင်အစည်းအဝေးနောက်ပိုင်းတွင် ရှယ်ယာဈေးကွက် အတွင်း အနည်းငယ်အပြောင်းအလဲရှိနိုင်ကြောင်း ရှယ်ယာဈေးကွက်လေ့လာသူများထံမှ သိရသည်။
Credit: Yangon Media Group