ကမ္ဘာကျော် အမေရိကန် ဖက်ရှင်မော်ဒယ်၊ ရုပ်သံသရုပ်ဆောင် ကင်ဒဲလ်ဂျင်းနာသည် အင်္ဂလန်သရုပ်ဆောင်မင်းသမီး အင်မလီဘလန့်နှင့် ခင်ပွန်းဖြစ်သူ အမေရိကန်သရုပ်ဆောင်၊ ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူ ဂျွန်ကရာစင်စကီးတို့ ပိုင်ဆိုင်သော နေအိမ်ကို ကန်ဒေါ်လာ ၆ ဒသမ ၅ သန်းဖြင့် ၀ယ်ယူလိုက်ကြောင်း အမေရိကန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
နေအိမ်တည်နေရာမှာ အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိမြို့ကြီး၏ နာမည်ကျော် Sunset Strip ကျွန်းဆွယ်တွင် တည်ရှိပြီး နာမည်ကျော် ဘီဗာလီဟေးလ်နှင့် နီးကပ်စွာတည်ရှိသည်။
အဆိုပါကျွန်းဆွယ်သည် နေ၀င်ချိန်အလှဖြင့် နာမည်ကျော်သည့်နေရာဖြစ်ပြီး စားသောက်ဆိုင်များ၊ ရော့ခ်ဂီတကလပ်များ၊ ညကလပ်များဖြင့် အလွန်စည်ကားလှသော နေရာတစ်ခု ဖြစ်သည်။
ယင်းနေအိမ်တွင် အိပ်ခန်း ၆ ခန်း၊ ရေချိုးခန်း ၄ ခန်း ပါဝင်သည်။သုံးထပ်အဆောက်အအုံဖြစ်ပြီး အကျယ်အ၀န်းမှာ ၄၈၀၀ စတုရန်းပေ ရှိသည်။
ခေတ်ပြိုင်ဗိသုကာဟန်ဖြင့်ဆောက်လုပ်ထားပြီး ကြမ်းပြင်မှ မျက်နှာကျက်အထိမြင့်မားသော ပြတင်းပေါက်များမှ ခြံဝန်းတစ်ခုလုံးကို ရှုမြင်နိုင်ကာ အ၀တ်အစားထားသိုခန်း၊ အားကစားလေ့ကျင့်ခန်းမတို့ ပါဝင်သည်။
ခြံဝန်းအတွင်းတွင် ရေကူးကန်၊ ကျယ်ပြန့်လှသော ခေါင်မိုးပေါ်လသာဆောင်၊ လဟာပြင်မီးလင်းဖိုတို့ ပါဝင်ပြီး ခြံဝန်းအကျယ်အ၀န်းမှာ ၁၅၆၉၉ စတုရန်းပေ ဖြစ်သည်။
အင်မလီဘလန့်က ယင်းနေအိမ်ကို ကန်ဒေါ်လာ ၆၉၅၀၀၀၀ ဖြင့် ဈေးခေါ်ရောင်းချခဲ့ခြင်းဖြစ်ပြီး ၆ ဒသမ ၅ သန်းဖြင့် အရောင်းအ၀ယ်ဖြစ်ခဲ့ခြင်း ဖြစ်သည်။
အပြီးသတ်စာချုပ်ချုပ်ခြင်းကို ၂၀၁၆၊ ဇွန်လ ၂၉ ရက်တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ကင်ဒဲလ်ဂျင်းနာမူလက နေထိုင်သည်မှာ လော့စ်အိန်ဂျလိမြို့ ၀က်စ်ဝုဒ်အရပ်ရှိ ကွန်ဒိုမီနီယံအခန်းတွင်ဖြစ်ပြီး ကန်ဒေါ်လာ ၁ ဒသမ ၃၉၉ သန်းဖြင့် ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)