မှုလပေးတဲ့ အထပ်မြင့်ထက်လျော့ချပြီး ပြန်တည်ဆောက်ဖို့ အမိန့်ထုတ်ခံရတဲ့ အထပ်မြင့်အဆောက်အအုံ တွေကို ဒုတိယအကြိမ် ထပ်မံစစ်ဆေးပြီး ပြန်လည်သုံးသပ်နေတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေထံက သိရပါတယ် ။
တည်ဆောက်နေဆဲ အထပ်မြင့်စီမံကိန်း ၁၂ လုံးကို ပထမအကြိမ် စစ်ဆေးပြီး အထပ်မြင့်လျှော့ချတာ ဆောက်လုပ်ခွင့်အသစ်ပြန်တင်ဖို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ဆုံးဖြတ်ခဲ့ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဇူလိုင်လ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ် ။
အထပ်လျှော့ခံရတဲ့ အထပ်မြင့်စီမံကိန်းတွေက ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကို စီမံကိန်းများ ဆက်လက်တည်ဆောက်ခွင့်ပြုဖို့ အသနားခံတင်ပြတာကြောင့် ဒုတိယအကြိမ် မြေပြင်မှာ ထပ်မံစစ်ဆေးနေတယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ပြောပါတယ် ။
မြေပြင်ကွင်းဆင်းစစ်ဆေးတာတွေကို ရန်ကုန်တိုင်းဒေသကြီးက အထပ်မြင့်စီမံကိန်းတွေ စစ်ဆေးဖို့ ဖွဲ့စည်းပေးထားတဲ့ ရန်ကုန်မြို့တော် အင်္ဂါရပ်နဲ့အညီ အဆောက်အအုံများ ဆောက်လုပ်မှု စစ်ဆေးရေးကော်မတီ ဥက္ကဌ တိုင်းဒေသကြီး လျှပ်စစ် ၊ စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ဒေါ်နီလာကျော်နဲ့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးတို့ကိုယ်တိုင် ကွင်းဆင်းစစ်ဆေးပေးနေတယ်လို့ သိရပါတယ် ။
ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမျိုးမြင့်က ‘စစချင်းစစ်တုန်းက တရားဝင်ဘုတ်အဖွဲ့ထဲက သူတစ်ယောက်မှ မပါဘူး ၊ ဘုတ်အဖွဲ့ထဲက သူတွေက ရုံးပေါ်မှာပဲ ထိုင်းပြီး ဆုံးဖြတ်ချက်ချလိုက်တာ’ လို့ ပြောပါတယ် ။
အထပ်လျှော့ခံရတဲ့ အဆောက်အအုံတွေနဲ့ DCA ထောက်ခံချက်နဲ့ ဆောက်ခွင့်အသစ်ပြန်တင်ဖို့ အမိန့်ထုတ်တားတဲ့ အဆောက်အအုံ ၁၂ လုံးကို သည်အပတ်ထဲအပြီး စစ်ဆေးသွားမယ်လို့ သိရပါတယ် ။ လက်ရှိ ဒုတိယအကြိမ် စစ်ဆေးပြီးတဲ့ အထပ်မြင့်အဆောက်အအုံ သုံးလုံးကို ရန်ကုန်မြို့တော်ဝန်က နှုတ်အားဖြင့် မှုလခွင့်ပြုထားတဲ့ အထပ်မြင့်အတိုင်း ပြန်လည်တည်ဆောက်ခွင့် ပေးလိုက်တယ်လို့ ဆောက်လုပ်ရေး အသိုင်းအဝိုင်းက သိရပါတယ် ။
အထပ်မြင့်တွေနဲ့ ပတ်သက်ပြီး ဥပဒေအကြောင်းအရ ဆောင်ရွက်ပါက မြေပြင်ကွင်းဆင်း စစ်ဆေးတာတွေကို တိုင်းဒေသကြိး အစိုးရအဖွဲ့ကို တင်ပြရမှာဖြစ်ပါတယ် ။ တိုင်းဒေသကြီး အစိုးရအဖွဲ့က အစည်းအဝေးထိုင်း ဆုံးဖြတ်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက ညွန်ကြားချက်အမိန့်စာ ထုတ်ပေးရမှာဖြစ်ပါတယ် ။
သည်အမိန့်စာမှာပါတဲ့ အကြောင်းအရာတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက တရားဝင်ထုတ်ပြန်ကြေညာပေးရတာ ဖြစ်ပါတယ် ။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဝင်က အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက ‘စစ်ဆေးပြီး တိုင်းဒေသကြီးကို ပို့ထားတယ် ၊ ပြန်ပြီးတော့ ခွင့်ပြုပေးတယ်ဆိုရင်လဲ ကျွန်မတို့ဆီကပဲ ထုတ်ပေးရမှာ ၊ အခုထိတော့ ကျွန်မတို့ဆီကို ဘာမှမထုတ်ပေးသေးဘူး ၊ ဝန်ကြီးဒေါ်နီလာကျော်တို့ မြို့တော်ဝန်တို့ သွားစစ်ဆေးတာတော့ မှန်ပါတယ် ၊ စစ်ဆေးတာနဲ့ ပတ်သက်ပြီး ဘာမှမထုတ်ပြန်သေးဘူး’ လို့ပြောပါတယ် ။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ ညွန်ကြားချက်နဲ့ မေလ ၂၃ ရက်နေ့ကစပြီး ရန်ကုန်မြို့တွင်းက အထပ်မြင့်အဆောက်အအုံအားလုံး ယာယီရပ်နားဖို့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ် ။ အဆောက်အအုံ ဆောက်လုပ်ခွင့် ရပ်နားဖို့ အမိန့်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ် ။ အဆောက်အအုံဆောက်လုပ်ခွင့် ရပ်နားတာ ၊ တည်ဆောက်ခွင့်ကျပြီး အထပ်မြင့်များ ပြန်လည်လျှော့ချတာကြောင့် အမေရိကန်ဒေါ်လာ ခြောက်ဘီလျံဆုံးရှုံးခဲ့တယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ် ။
Credit: Kumudra