သီရိလင်္ကာရှိ ကိုလံဘိုဆိပ်ကမ်းအနီးတွင် တရုတ်ကုမ္ပဏီတစ်ခုကို မြေဟက်တာ ၂၀ ရောင်းချပေးရန် သဘောတူညီထားခဲ့သော်လည်း အိန္ဒိယနိုင်ငံက အပြင်းအထန်ကန့်ကွက်မှုများကြောင့် ပြန်လည်ရုပ်သိမ်းလိုက်ကာ၉၉ နှစ်အငှားချထားမှုသာ ပြုလုပ်တော့မည် ဖြစ်သည်ဟုဘန်ကောက်အခြေစိုက်အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်
တစ်ခုတွင် ဖော်ပြသည်။
မူလက အဆိုပါမြေနေရာကို မည်သည့်ရည်ရွယ်ချက်အတွက်မဆို အသုံးချခွင့်ပေးသည့်မြေအဖြစ် ရောင်းချရန် သဘောတူခဲ့ခြင်းဖြစ်ရာ တရုတ်၏ ခြေလှမ်းများကို စောင့်ကြည့်နေသော အိန္ဒိယက အပြင်းအထန်ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
“ကိုလံဘိုဆိပ်ကမ်းနားမှာ တရုတ်ကို ဘက်စုံသုံးမြေ ရောင်းပေးမှာကို အိန္ဒိယက ရတက်မအေးဖြစ်ခဲ့ပါတယ်”ဟု သီရိလင်္ကာအစိုးရ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ် ရာဂျီသာ စီနာရတ်နီက ပြောကြားသည်။
အဆိုပါစီမံကိန်းသည် ၂၀၁၄ ခုနှစ်အတွင်း တရုတ်သမ္မတရှီကျင့်ဖျင် သီရိလင်္ကာသို့ သွားရောက်လည်ပတ်စဉ် သဘောတူညီခဲ့ခြင်းဖြစ်ပြီး China Communications ဆောက်လုပ်ရေးကုမ္ပဏီမှ ငွေကြေးစိုက်ထုတ်မည် ဖြစ်သည်။
တရုတ်က အဆိုပါမြေကွက်ပေါ်တွင် မြို့သစ်တစ်မြို့ တည်ဆောက်မည်ဖြစ်ပြီး လူနေအိမ်ရာများအပြင် ဖော်မြူလာဝမ်း ကားပြိုင်ကွင်းနှင့် အပန်းဖြေဆိပ်ကမ်းတို့ ပါဝင်သည်။
အဆိုပါစီမံကိန်းပြီးပါက ကိုလံဘိုတါင် လူနေအိမ်ဧရိယာ ၆၇၂ ဧက တိုးတက်လာမည်ဖြစ်သည်။
ကိုလံဘိုဆိပ်ကမ်းသည် အိန္ဒိယသမုဒ္ဒရာတွင် တရုတ်၏ သြဇာလွှမ်းမိုးမှု ချဲ့ထွင်ရန် ရည်ရွယ်ဆောက်လုပ်ခြင်းဖြစ်ကြောင်း ခန့်မှန်းချက်များနှင့်အတူ ရတက်မအေးမှုများ မြင့်တက်လာသည်။
တရုတ်သည် သီရိလင်္ကာ၏ အကြီးမားဆုံး ငွေကြေးထုတ်ချေးသူဖြစ်ပြီး သီရိလင်္ကာရှိ အရေးပါသောအခြေခံအဆောက်အအုံများစွာကို
ဆောက်လုပ်ခဲ့သူလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)