Star Trek ဇာတ်ကားသရုပ်ဆောင် အင်တန်ယယ်လ်ချင်သည် ကားအက်ဆီးဒင့်ဖြစ်ပွားပြီး သေဆုံးသွားခဲ့ရာတွင် လော့စ်အိန်ဂျလိရှိ ၎င်းပိုင် နေအိမ်အတွက် မည်သူ့ကို ပေးအပ်ရမည်ဟူသော သေတမ်းစာရေးသားခဲ့ခြင်းမရှိကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တရားရုံး၏ ထုတ်ပြန်ချက်တွင် Star Trek သရုပ်ဆောင် အင်တန်ယယ်လ်ချင်သည် ကန်ဒေါ်လာ ၁ ဒသမ ၄ သန်းတန် နေအိမ် ကျန်ရစ်ခဲ့သော်လည်း မည်သူ့ကို လွှဲပြောင်းပေးအပ်ရမည်ဟု သေတမ်းစာ ရေးသားခဲ့ခြင်း မရှိကြောင်း ဖော်ပြသည်။
၎င်း၏ မိဘများဖြစ်သော ဗစ်တာနှင့် အိုင်ရီနာ ယယ်လ်ချင်တို့က အဆိုပါနေအိမ်ကို ထိန်းသိမ်းစီမံခွင့်ရရန် လော့စ်အိန်ဂျလိတရားရုံးသို့ လျှောက်ထားခဲ့ကြသည်။
အင်တန်ယယ်လ်ချင်သည် ပြီးခဲ့သော ဇွန်လ ၁၉ ရက်တွင် အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့၊ Studio City အရပ်ရှိ ၎င်း၏ နေအိမ်ရှေ့တွင် မော်တော်ကားနှင့် အုတ်တံတိုင်းကြား၌ညပ်ကာ သေဆုံးနေသည်ကို မိတ်ဆွေများက တွေ့ခဲ့ကြသည်ဟုဆိုသည်။
အင်တန်ယယ်လ်ချင်၏ ကားအမျိုးအစားမှာ crossover SUV အမျိုးအစားအလတ်စား Jeep Grand Cherokee ကားဖြစ်သည်။
အင်တန်ယယ်လ်ချင်၏ မိဘများငှားရမ်းထားသည့် ရှေ့နေဖြစ်သူက ပြောကြားရာတွင် ၎င်းတို့သည် အင်တန်ယယ်လ်ချင် သေဆုံး စေခဲ့သည့် ကားထုတ်လုပ်သော ဖီးယက်ခရိုင်စလာကုမ္ပဏီကို တရားစွဲဆိုသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အင်တန်ယယ်လ်ချင်သည် ယင်းဖြစ်ရပ်တွင် အဆုတ်ပျက်စီးကာ သေဆုံးခဲ့ရခြင်းဖြစ်ပြီး စက္ကန့် ၆၀ အတွင်း သေဆုံးသွားခြင်းဖြစ်ကြောင်း မှုခင်းဆရာဝန်က ပြောကြားသည်။
အင်တန်ယယ်လ်ချင်၏ မိသားစုအတွက် စာနာမိကြောင်း အဆိုပါကုမ္ပဏီက ထုတ်ပြန်ခဲ့ပြီး ၎င်း၏ မိဘများက တရားစွဲမည့်အကြောင်းနှင့် စပ်လျဉ်း၍မူ မှတ်ချက်ပေးခြင်း မရှိချေ။
SUV မော်တော်ကားများသည် ဂီယာချွတ်ယွင်းမှုကြောင့် ရုတ်တရက်ကားထွက်သွားသည့် ဖြစ်ရပ်များဖြစ်ပွားလေ့ရှိရာ Fiat Chrysler ကုမ္ပဏီက ယခုနှစ်ဧပြီလအတွင်းတွင် ကားအစင်းရေ ၁ ဒသမ ၁ သန်း ပြန်လည်သိမ်းဆည်းခဲ့ရသည်။
စုံစမ်းစစ်ဆေးချက်တစ်ခုအရ ပြီးခဲ့သော ဇွန်လ တစ်လတာအတွင်းတွင်ပင် Fiat Chrysler ထုတ် SUV မော်တော်ကားများတွင် ဂီယာချွတ်ယွင်းမှုကြောင့် ယာဉ်တိုက်မှု ၂၆၆ မှုဖြစ်ပွားခဲ့ပြီး လူပေါင်း ၆၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြသည်ဟု ဆိုသည်။
အင်တန်ယယ်လ်ချင်သည် Star Trek ရုပ်သံဇာတ်လမ်းတွဲများတွင် ပေဗယ်လ်ချက်ကော့ဗ်အဖြစ်ပါဝင်သရုပ်ဆောင်ကာ ကမ္ဘာကျော်ခဲ့ခြင်းဖြစ်ပြီး ၎င်း၏ နေရာတွင် အခြားသူတစ်ဦးကို အစားထိုးသရုပ်ဆောင်စေမည်မဟုတ်ကြောင်း အဆိုပါရုပ်သံဇာတ်လမ်းတွဲ ထုတ်လုပ်သူက ပြောကြားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)