ရန်ကုန်စတော့အိတ်ချိန်း တွင် ကုမ္ပဏီများက အဖွင့်ဈေး အမြင့်ဖြင့် စတင်ရောင်းချခဲ့သဖြင့် လက်ရှိဈေးကွက်၌ ရှယ်ယာဈေးများ ဆက်တိုက်ကျဆင်းနေသည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ပြောသည်။
‘‘စတော့က ဖွင့်တာလည်း စောသေးတယ်လို့ မြင်တယ်။ ပြီး တော့ နည်းပညာပိုင်းဆိုင်ရာမှာ လိုအပ်ချက်တွေရှိသေးတယ်။ မပြည့်စုံသေးဘူး။ နောက်ပြီး စာ ရင်းဝင်ကုမ္ပဏီတွေ ပထမဆုံး ရောင်းတဲ့ရက်မှာ ရှယ်ယာအဖွင့် ဈေးက အရမ်းများလွန်းတယ်’’ဟု ကမ္ဘောဇဘဏ်မှ အကြံပေး ဒုဥက္ကဋ္ဌ ဦးသန်းလွင်က ပြောသည်။
ထပ်မံရောင်းချမည့် ကုမ္ပဏီ များအနေဖြင့် ရှယ်ယာဈေးနှုန်းကို အနည်းဆုံးနှုန်းထားဖြင့် စတင် ရောင်းချသင့်သည်ဟု ဦးသန်း လွင်က အကြံပြုသည်။
၂၀၁၅ ဒီဇင်ဘာက စတင် ဖွင့်လှစ်ပြီး ၂၀၁၆ မတ်လတွင် စတင်ရောင်းချခွင့်ပေးခဲ့သည့် ရန်ကုန်စတော့အိတ်ချိန်း၌ ယနေ့အထိ အရောင်းအဝယ်နည်းပါးပြီး ရှယ်ယာဈေး ကျဆင်းနေခဲ့ သည်။
FMI နှင့် သီလဝါတို့မှ ရှယ် ယာများရောင်းချနေသည့် ရန်ကုန်စတော့အိတ်ချိန်းတွင် နေ့စဉ်ရှယ် ယာဈေး ကျပ် ၅၀၀ မှ ၁,၀၀၀ ကြား ကျဆင်းနေကြောင်း ရှယ်ယာဝယ်ယူထားသူ အချို့က ဆိုသည်။
‘‘မြန်မာလူမျိုးတွေနဲ့ စတော့ က စိမ်းသေးတယ်။ ကုမ္ပဏီတွေ ကလည်း စရောင်းတာ အရေအ တွက်နည်းသေးတယ်။ ကုမ္ပဏီ တွေများလာရင်တော့ တစ်မျိုး ပြောင်းလဲလာနိုင်တယ်’’ဟု စီးပွားရေးပညာရှင် ဦးလှမောင်က ဆို သည်။
မတ်လတွင် စတင်ရောင်းချ ခဲ့သည့် FMI ကုမ္ပဏီ၏ ရှယ်ယာ အဖွင့်ဈေးမှာကျပ်၂၆,၀၀၀ ရှိခဲ့ပြီး ဩဂုတ် ၄ ရက် ဈေးကွက်အရ အဖွင့်ဈေးအောက် ၆,၀၀၀ လျော့ ကျပြီး ဈေးကွက်တွင် ဝယ်မည့်သူ နည်းပါးလျက်ရှိသည်။
ထို့အတူ မေလတွင် စတင် ရောင်းချခဲ့သည့် သီလဝါကုမ္ပဏီ မှာလည်း ပထမဆုံးနေ့က အဖွင့် ဈေးမှာ ကျပ် ၄၀,၀၀၀ ကျော်ဖြင့် စတင်ရောင်းချခဲ့ရာ ၇၀,၀၀၀ အထိ မြင့်တက်သွားခဲ့ပြီး ဩဂုတ် ၄ ရက် ဈေးကွက်အရ ကျပ် ၄၇,၀၀၀ သို့ ပြန်လည်ကျဆင်းသွားပြီဖြစ်သည်။
‘‘စတော့ စဖွင့်တော့ စိတ်ဝင် စားတဲ့သူများတော့ ရှယ်ယာတွေ ဝယ်ကြတာ အရမ်းများတယ်။ အခုကြာလာတာနဲ့အမျှ ဝယ်လို အားမရှိတော့ဘူး။ ဒါကြောင့် ဈေးက ကျကျလာတာ ဈေးကွက်ကို သိပ်မကစားတတ်ကြသေးလို့ ဖြစ်လာတာ ကောင်းကောင်းလည် ပတ်နိုင်ဖို့ အချိန်အများကြီးယူရဦး မယ်’’ဟု ရန်ကုန်စီးပွားရေးတက္က သိုလ်မှ အငြိမ်းစားပါမောက္ခ ဒေါ်ရီရီမြင့်က သုံးသပ်သည်။
ထို့အပြင် လက်ရှိ ရောင်းချ နေသည့် ကုမ္ပဏီကြီးများမှာ အ မြတ်၊ အရှုံးနှင့် ပတ်သက်သော စာရင်းအင်းပိုင်းဆိုင်ရာ ထုတ်ပြန် မှု၊ ကျွမ်းကျင်မှု၊ ပြုစုထားရှိမှုများ အပိုင်းတွင်လည်း အားနည်းချက် များရှိကြောင်း ဒေါ်ရီရီမြင့်က ဆို သည်။
စတော့အိတ်ချိန်းသည် ရေ တိုရင်းနှီးမြှုပ်နှံမှုထက် ရေရှည် ရင်းနှီးမြှုပ်နှံမှုသာဖြစ်သောကြောင့် နှစ်ကြာလာသည်နှင့်အမျှ ရင်းနှီးမြှုပ်နှံသူများအတွက် အကျိုးအမြတ်များသည့် ဈေးကွက် ဖြစ်ကြောင်း Thura Swiss အမှု ဆောင် အရာရှိချုပ် ဒေါက်တာအောင်သူရက ပြောသည်။
ရန်ကုန် စတော့အိတ်ချိန်း စတင်ဖွင့်လှစ်သည့် ပြီးခဲ့သော မတ်လ ၂၅ ရက်မှစ၍ ဇွန်လ ၃၀ ရက်အထိ ရှယ်ယာ အရောင်းအ ဝယ်ဖြစ်မှု ကုမ္ပဏီနှစ်ခု၏ စုစု ပေါင်းတန်ဖိုးမှာ ကျပ် ၅၁ ဘီလီယံကျော်အထိ ရှိခဲ့ကြောင်း ရန်ကုန် စတော့အိတ်ချိန်းက ထုတ်ပြန်ထားသည်။
လက်ရှိ ရန်ကုန်စတော့အိတ် ချိန်းတွင် တတိယမြောက်ကုမ္ပဏီ အဖြစ် မြန်မာနိုင်ငံသားများဘဏ် Citizen Bank သည် ယခုလတွင် စတင်ရောင်းချရန် ပြင်ဆင်နေ သည်။
Credit: 7Daydaily