အိမ်ခြံမြေကုမ္ပဏီတစ်ခုမှ မန်နေဂျာကြီး ဦးဝေဖြိုးကွယ်လွန်သွားပြီးနောက် ကောင်းကင်ဘုံရှိ သူတော်စင်စိန့်ပီတာရှေ့မှောက်သို့ ရောက်ရှိသွားလေသည်။
စိန့်ပီတာက ဦးဝေဖြိုးအား ဤသို့မေး၏။
“မောင်မင်းအနေနဲ့ ကောင်းကင်ဘုံကိုသွားမလား၊ ငရဲပြည်ကိုသွားမလားဆိုတာ ဆုံးဖြတ်ရမှာဖြစ်တယ်။ မဆုံးဖြတ်ခင်မှာ အဲဒီနေရာတွေကို အရင်သွားကြည့်ဖို့ အကြံပြုပါတယ်”ဟု စိန့်ပီတာက ဆိုသည်။
သို့ဖြင့် ဦးဝေဖြိုးက ငရဲပြည်ကို ဦးစွာလေ့လာရန် ရွေးချယ်လိုက်လေသည်။
ငရဲပြည်သို့ရောက်သွားသောအခါ ဦးဝေဖြိုး၏ တစ်သက်နှင့်တစ်ကိုယ် မကြုံဖူးအောင် စည်ကားလှသော
ပါတီပွဲကြီးတစ်ခု ကျင်းပနေသည်ကို တွေ့ရ၏။
လူတိုင်း သောက်စားကခုန်နေကြကာ ပြုံးရွှင်ရယ်မောနေကြသည်ကို တွေ့ရလေသည်။
ထို့နောက် စိန့်ပီတာက ဦးဝေဖြိုးကို ကောင်းကင်ဘုံသို့ ခေါ်သွားပြန်ကာ လှည့်လည်ပြသပြန်၏။
ကောင်းကင်ဘုံတွင် မြင်မြင်သမျှ အရာရာမှာ ဖြူလွနေကာ ဆွတ်ဆွတ်ဖြူသောအရောင်များသာ လွှမ်းမိုးလျက်ရှိသည်။
တွေ့ရသမျှ လူတို့မှာ ဒဿနိကဗေဒ၊ သင်္ချာဖော်မြူလာအစရှိသည့် လေးနက်သောအကြောင်းရပ်များနှင့် စပ်လျဉ်း၍ တီးတိုးပြောနေကြ၏။အချို့မှာမူ ဣနြေ္ဒရရဖြင့် တရားထိုင်လျက်ရှိသည်ကို တွေ့ရသည်။
ငါးမိနစ်ခန့် ကြည့်ရှုပြီးချိန်တွင် ဦးဝေဖြိုးပျင်းရိညီးငွေ့လာ၏။
ထို့နောက် စိန့်ပီတာက သူ၏ရုံးခန်းကို ပြန်ခေါ်သွားပြီးနောက်..
“ကဲ..မောင်မင်း ဒီနေရာမှာ ခဏတဖြုတ်အိပ်လိုက်ပါ။ မနက်ကျရင် ဘယ်ကိုသွားဖို့ဆုံးဖြတ်တယ်ဆိုတာ ငါ့ကိုပြော”ဟု ဆိုကာ ထွက်သွားလေသည်။
နောက်တစ်နေ့နံနက်တွင် စိန့်ပီတာ ရောက်ရှိလာသောအခါ၌ ဦးဝေဖြိုးက ဤသို့ဆို၏။
“ကောင်းကင်ဘုံက သိပ်ကောင်းတဲ့နေရာပါ။ ဒါပေမယ့် ငရဲပြည်က ပိုမိုက်တယ်။ အဲဒါကြောင့် ကျွန်တော်ငရဲပြည်ကို သွားဖို့ ဆုံးဖြတ်လိုက်ပါတယ်”ဟု ပြောလေသည်။
သို့နှင့် စိန့်ပီတာက ဦးဝေဖြိုးကို ငရဲပြည်သို့ဆင်းသည့် ဓာတ်လှေကားပေါ်တင်ပေးလိုက်တော့၏။
ငရဲပြည်သို့ဦးဝေဖြိုးရောက်ရှိသွားသောအခါ တွေ့ရသည်မှာကား မကောင်းဆိုးဝါးမိ စ္ဆာကြီးတစ်ကောင်သည် လူများကို ကြာပွတ်ဖြင့် လိုက်လံရိုက်နှက်နေသည်ကို တွေ့ရပြီး အရပ်ရှစ်ခွင်တွင် မီးတောက်မီးလျှံများသာ လွှမ်းမိုးနေသည့်အပြင် လူတိုင်းမှာလည်း နာကျင်မှုဝေဒနာကြောင့် ညဉ်းညူနေကြသည်ကိုသာ တွေ့ရလေသည်။
ထိုအခါတွင် ဦးဝေဖြိုးက ငရဲထိန်းကြီးအားသွားရောက်မေးမြန်း၏။
“ဘယ်လိုတွေဖြစ်ကုန်တာလဲဗျာ။ မနေ့က ဒီမှာနေဖို့ ကျွန်တော်လာကြည့်တုန်းက လူတိုင်းဟာ ပါတီပွဲကြီးနွှဲနေကြပြီး ကခုန်ပျော်ရွှင်နေကြတာပါ။ ဘာတွေဖြစ်ကုန်တာလဲ”ဟု မေးမြန်းရာ ငရဲထိန်းကြီးက ဦးဝေဖြိုးကို ကြည့်ရင်း တစ်ချက်ပြုံးလိုက်ကာ ဤသို့ ပြောလေသည်။
“ခင်ဗျားက အိမ်ခြံမြေလုပ်ငန်းတွေလုပ်ခဲ့တာပဲ။ ခင်ဗျားမေးခွန်းရဲ့ အဖြေက မေးစရာမလိုဘဲ သိနေသင့်တာ။ မနေ့တုန်းက ခင်ဗျားက အလားအလာရှိတဲ့ ၀ယ်လက်လေဗျာ။ ဒီနေ့ခင်ဗျားက ဒီရပ်ကွက်မှာ ရပ်ကွက်သားတစ်ယောက် ဖြစ်လာပြီလေ”ဟူသတည်း။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)