ရန်ကုန်အခြေစိုက်အိမ်ခြံမြေအကျိုးဆောင်အချို့သုံးသပ်သည်မှာ ရန်ကုန်အိမ်ခြံမြေဈေးနှုန်းသည် ပြီးခဲ့သော ၂၀၁၃ ၊ ၂၀၁၄ ခုနှစ်များတွင်ကကဲ့သို့ ထိပ်ဆုံးသို့ပြန်လည်ရောက်ရှိမလာနိုင်ဟု သုံးသပ်ကြသည်။ သို့ရာတွင် ဈေးကွက်ပြန်လည်ဦးမော့လာနိုင်ချေနှင့် စပ်လျဉ်း၍ မျှော်လင့်ချက်များရှိနေသေးသည်။
၂၀၁၅ ခုနှစ်ဈေးကွက်ကျဆင်းနေမှုအခြေအနေမှ ပြန်လည်နာလံထူကာ ဈေးကွက်ခိုင်မာသည့်နှစ်ဖြစ်လာမည်ဖြစ်ကြောင်း Colliers International Myanmar က ဟောကိန်းထုတ်ထားသည်။
“ရှေ့မှာ အလုပ်များတဲ့ကာလတွေ လာတော့မှာဖြစ်ပြီး မြန်မာ့စီးပွားရေးသမိုင်းရဲ့ စာမျက်နှာသစ်တွေရောက်ရှိလာတော့မှာပါ”ဟု Colliers Myanmar မှ မန်နေးဂျင်းဒါရိုက်တာ အန်သိုနီ ပီကွန်က ပြောကြားသည်။
ဟောကိန်း (၁)
အစိုးရသစ်ကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့ကို ပိုမိုဆွဲဆောင်နိုင်မည်
Colliers ၏ သုံးသပ်ချက်အရ ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် စစ်အစိုးရလက်ထက်တွင် အတိုက်အခံအဖြစ်ရပ်တည်ခဲ့ရာမှ ယခုအခါ အာဏာရရှိလာမှုကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတို့သည် ရန်ကုန်အိမ်ခြံမြေဈေးကွက်သို့ ယခင်ကထက် ပိုမိုဝင်ရောက်လာလိမ့်မည်ဟု သုံးသပ်သည်။
လွှတ်တော်သစ်လက်ထက်တွင် နိုင်ငံရေးပိုမိုတည်ငြိမ်လာလိမ့်မည်ဟုလည်း သုံးသပ်ထားကြသည်။
ဟောကိန်း (၂)
ကွန်ဒိုမီနီယံဥပဒေသစ်ကြောင့် ဈေးကွက်အားကောင်းလာမည်
နိုင်ငံခြားဝယ်လက်များအတွက် ကွန်ဒိုမီနီယံပိုင်ဆိုင်ခွင့်စည်းမျဉ်းဖြေလျှော့ပေးလိုက်ခြင်းမှာ ဈေးကွက်ကို လှုပ်နှိုးပေးနိုင်မည်ဖြစ်သည်ဟု သုံးသပ်ကြသည်။
Colliers ၏ ခန့်မှန်းချက်အရ Developer တို့သည် ကွန်ဒိုများဆောက်လုပ်ရာတွင် ဈေးဝယ်စင်တာများ၊ ရုံးခန်းများ၊ အသင့်နေလူနေခန်းများ ပူးတွဲဆောက်လုပ်ခြင်းအားဖြင့် ၀ယ်လက်တို့ကို ဆွဲဆောင်လာကြလိမ့်မည်ဟု ဟောကိန်းထုတ်သည်။
ဟောကိန်း (၃)
၂၀၁၆ သည် “ရန်ကင်း” နှစ် ဖြစ်လာမည်
၂၀၁၆ ခုနှစ်အတွင်း ရန်ကင်းမြို့နယ်သည် ရန်ကုန်မြို့လယ်ပြီးလျှင် စီးပွားရေးအချက်အခြာအဖြစ် ဖွံ့ဖြိုးလာမည်ဟု သုံးသပ်ကြသည်။
ရန်ကင်းမြို့လယ်တွင် ကန်ဒေါ်လာ သန်း ၄၄၀ အကုန်အကျခံဆောက်လုပ်ထားသော မြန်မာစင်တာသည် ဈေးဝယ်စင်တာနှင့်ဟိုတယ် ပေါင်းစပ်ထားပြီး မြန်မာပလာဇာနှင့် မီလီယာဟိုတယ်တို့ကို လွန်ခဲ့သောနှစ်အတွင်း ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။
၂၀၁၈ ခုနှစ်တွင် ယင်းနေရာ၌ ဈေးဝယ်စင်တာသစ်တစ်ခု ထပ်မံပေါ်ပေါက်လာမည်ဖြစ်ပြီး ရုံးခန်းများစွာနှင့် လူနေခန်းများ ပေါ်ပေါက်လာတော့မည့်နေရာ ဖြစ်သည်။
ဟောကိန်း (၄)
ရန်ကုန်အထူးစီးပွားရေးဇုန်သို့ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဝင်ရောက်နေမည်
ရန်ကုန်ရှိ သီလ၀ါအထူးစီးပွားရေးဇုန်ကို နိုင်ငံခြားဈေးကွက်များမှ အထူးစိတ်ဝင်စားလျက်ရှိရာ အထူးသဖြင့် ကုန်ထုတ်လုပ်ရေးကဏ္ဍမှ ဖြစ်သည်။
ဂျပန်သည် သီလ၀ါအထူးစီးပွားရေးဇုန်တွင် ဒုတိယအဆင့်ဆောက်လုပ်မှုအဖြစ် ဇုန် (ဘီ) ကို ဟက်တာ ၅၀၀ အကျယ်တွင် တည်ဆောက်လျက်ရှိနေပြီး ၂၀၁၆ နှစ်ကုန်တွင် ဖွင့်လှစ်နိုင်ဖွယ်ရှိနေသည်။
ဟောကိန်း (၅)
ရန်ကုန်မြို့ဆင်ခြေဖုံးနေရာများတွင် လူနေအိမ်ဈေးကွက်အားကောင်းလာမည်
Colliers က ဟောကိန်းထုတ်ထားသည်မှာ ၀ယ်လက်တို့သည် ယခုနှစ်အတွင်း ရန်ကုန်မြို့ပြင်လူနေအိမ်များကို ပိုမိုစိတ်ဝင်စားလာကြမည်ဟု ဆိုထားသည်။
ဟောကိန်း (၆)
ယင်းသို့မဟုတ်လျှင် ပိုမိုအလှမ်းကွာသည့်နေရာဖြစ်လိမ့်မည်
Colliers က ဆက်လက်ဟောကိန်းထုတ်ထားသည်မှာ ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်တွင် ရင်းနှီးမြှုပ်နှံခြင်းထက် ကမ္ဘာလှည့်ခရီးသည်များ အပန်းဖြေအချက်အခြာဖြစ်သည့် ငပလီနှင့် ငွေဆောင်တို့ကဲ့သို့ ဒေသများတွင် ပိုမိုရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လာခြင်းလည်း ဖြစ်ပေါ်လာဖွယ်ရှိသည်ဟု ဆိုသည်။
၂၀၁၆ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၆ သန်း ၀င်ရောက်ဖွယ်ရှိကြောင်း အစိုးရက ခန့်မှန်းထားသည်။
ပြီးခဲ့သော ၂၀၁၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၄ သန်း ၀င်ရောက်ခဲ့သည်။
ဟောကိန်း (၇)
ရန်ကုန်ရှိ အထပ်မြင့်အဆောက်အအုံများမှာ ဇုန်ကန့်သတ်ချက်များဖြင့် ရင်ဆိုင်ရဦးမည်
ဘာသာရေးနှင့် ရိုးရာဓလေ့တို့ကြောင့် ရန်ကုန်သည် အထပ်နိမ့်မြို့တော်အဖြစ် ရပ်တည်လျက်ရှိခဲ့သည်မှာ ကာလတာရှည်ခဲ့ပြီ ဖြစ်သည်။
အထပ်နိမ့်များသာ ဆောက်လုပ်ခွင့်ပြုထားသည့် ရွှေတိဂုံဘုရားဝန်းကျင်တွင် ဆောက်လုပ်လျက်ရှိသည့် အထပ်မြင့်အဆောက်အအုံ များကို မကြာသေးမီကပင် အစိုးရက ဆောက်လုပ်ခွင့်ရပ်ဆိုင်းခဲ့သည်။
ရပ်ဆိုင်းခြင်းခံရသည့် စီမံကိန်းများတွင် Diamond Inya Palace ကွန်ဒိုမီနီယံလည်း ပါဝင်ပြီး အဆိုပါစီမံကိန်းသာ အပြီးသတ်ဆောက်လုပ်ခဲ့မည်ဆိုပါက မြန်မာနိုင်ငံတွင် အမြင့်မားဆုံးအဆောက်အအုံကြီး ဖြစ်လာမည် ဖြစ်သည်။
ဟောကိန်း (၈)
အသင့်နေလူနေခန်းများ ဆက်လက်အလုပ်ဖြစ်နေမည်
၂၀၁၅ ခုနှစ်အတွင်း ငှားရမ်းနေထိုင်မှုနှုန်းများပြားခဲ့သော အသင့်နေ လူနေခန်းများသည် ၂၀၁၆ ခုနှစ်အတွင်းတွင်လည်း ဆက်လက်အခြေအနေကောင်းနေဖွယ်ရာရှိသည်ဟု Colliers က ဟောကိန်းထုတ်ထားသည်။
ဟောကိန်း (၉)
ရုံးခန်းငှားရမ်းမည့်သူတို့အတွက် မျက်နှာသာပေးသည့်နှစ်ဖြစ်မည်
၂၀၁၆ ခုနှစ် ရန်ကုန်ရုံးခန်းဈေးကွက်သည် ငှားရမ်းမည့်သူတို့အပေါ် မျက်နှာသာပေးမည်ဖြစ်ပြီး ပိုင်ရှင်တို့သည် ဈေးနှုန်းလျှော့ချခြင်းနှင့်အတူ အခြားမက်လုံးများပါပေးလာလိမ့်မည်ဖြစ်ပြီး အနည်းဆုံးအားဖြင့် ရေတိုကာလအတွင်း ဖြစ်ပေါ်ဖွယ်ရာရှိကြောင်း Colliers က ဟောကိန်းထုတ်ထားသည်။
ဟောကိန်း (၁၀)
အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီး
ဝယ်လက်တို့အနေဖြင့် ဓနသိုမှီးခြင်းအတွက် ယခင်က ရွှေကိုသာ ၀ယ်ယူခဲ့ကြရာမှ ၂၀၁၆ ခုနှစ်၌ အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံလာကြသည့် အကူးအပြောင်းဖြစ်လာမည်ဟု Colliers က ဟောကိန်းထုတ်သည်။
“အိမ်ခြံမြေဈေးကွက်က ရွှေဈေးကွက်နဲ့ မတူဘူး။ ဘာလို့လဲဆိုတော့ ဒီဈေးကွက်က နိုင်ငံတကာနှုန်းထားတွေနဲ့ ချိတ်ဆက်မှု မရှိလို့ပဲ ဖြစ်ပါတယ်”ဟု စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ၏ ပိုင်ရှင်ဖြစ်သူ ဦးစိုင်းခွန်နောင်က ပြောကြားသည်ဟု Frontier တွင် ဖော်ပြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)