ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် စာတိုက် လုပ်ငန်းများ တိုးတက်စေရန် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (JICA) မှ သုံးနှစ်စီမံကိန်းဖြင့် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်း အချက်အလက် နည်းပညာဝန်ကြီးဌာနထံမှ သိရသည်။
JICAနှင့်ပူးပေါင်းကာစာတိုက်လုပ်ငန်းများ ပြုပြင်ပြောင်းလဲရာတွင် အမြန်ချော သယ်ယူပို့ဆောင်ရေး ကွန်ရက် တိုးတက်ရန်၊ ချောစာသိမ်းဆည်းမှုနှင့် ပေးချေမှုတို့ တိုးတက်ရန်၊ စာတိုက်အတွင်း လုပ်ငန်း ဆောင်ရွက်မှုနှင့် စာတိုက် ၀န်ဆောင်မှု လုပ်ငန်းများ တိုးတက်ရန် တို့အတွက် နှစ်လတ်၊ နှစ်ရှည် စီမံကိန်းများ ချမှတ်ကာ လုပ်ဆောင်မည် ဖြစ်ကြောင်း သိရသည်။
''နည်းစနစ်ပိုင်း ပြုပြင်ပြောင်းလဲမှုတွေတော့ စတင်လုပ်နေပါပြီ။ အခုဆို မြို့ကြီးသုံးမြို့မှာ အမြန်ရောက်ချောပို့စနစ်တွေအတွက် ဆောင်ရွက် ပေးနေပါတယ်။ ဒီလိုလုပ်ငန်းတွေ တိုးတက်ဖို့လည်း (JICA) က ပံ့ပိုးပေးနေပါတယ်။ အတူပူးပေါင်း ဆောင်ရွက်သွားမှာပါ'' ဟု မြန်မာစာတိုက်ကြီး လုပ်ငန်းမှ တာဝန်ခံ အရာရှိ ဦးသောင်းလှိုင်စိုးက ပြောသည်။
လက်ရှိတွင် ပထမနှစ် စီမံကိန်း အဖြစ် ပြည်ပ မှတ်ပုံတင်စာ အ၀င်၊ အထွက်ကဏ္ဍတွင် Barcode အသုံးပြု၍ IPS Light စနစ်ဖြင့် ဆောင်ရွက်သည့် PAQUEL ပရော့ဂျက် အမြန်ချောပို့ ပစ္စည်းများကို နေပြည်တော်၊ ရန်ကုန်ရှိ မြို့နယ် (၁၀) မြို့နယ်နှင့် မန္တလေးရှိ မြို့နယ် ခြောက်မြို့နယ်တို့တွင် နံနက်(၁၁) နာရီမတိုင်မီ ပေးပို့သည့် နေ့ချင်းရောက် စာဝေစနစ်၊ နေပြည်တော် အပါအ၀င် မြို့ကြီး ရှစ်မြို့တွင် အမြန်ချောပို့ ပစ္စည်းများကို အထူးဝန်ဆောင်မှုများ စတင် ဆောင်ရွက်နေပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာ့စာတိုက်လုပ်ငန်း အနေဖြင့် ၂၀၁၅ သြဂုတ်လကုန် အထိ လုပ်ငန်းပြည့် စာတိုက်ရုံး (၇၇၉)ရုံး၊ စာတိုက်ခွဲ (၂၁၂) ရုံးနှင့် ကျေးရွာ ကိုယ်စားလှယ် စာတိုက် (၃၉၀)ရုံး၊ စုစုပေါင်း စာတိုက်ရုံး(၁၃၈၁)ရုံးဖွင့်လှစ်ဝန်ဆောင်မှု ပေးနေကာ
ပြည်တွင်း အမြန်ချောပို့ လုပ်ငန်းကို ပြည်တွင်း ပုဂ္ဂလိက ကုမ္ပဏီ သုံးခုနှင့် Registered Service Provider အဖြစ် ဆောင်ရွက်နေကြောင်း သတင်း ထုတ်ပြန်ချက်အရ သိရသည်။
Credit: Messenger