ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
လူတစ်ဦးအတွက်အမှိုက်မှာ အခြားတစ်ဦးအတွက် တန်ဖိုးရှိသည့်ရတနာဖြစ်နေနိုင်ကြောင်း လူတို့ပြောဆိုကြသည့် စကားရှိသည်။
သို့သော် တံခါးခုသည့် ကျောက်တုံးက တန်ဖိုးကြီးသည့် ရတနာကြီးဖြစ်နေခြင်းမှာ မည်သည့်စံနှုန်းဖြင့်မဆို တန်ဖိုးရှိသည့် ရတနာသာ မဟုတ်ပါလော။ ရိုမေးနီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ စမ်းချောင်းတစ်ထဲတွင် အလေးချိန် ၃ ဒသမ ၅ ကီလိုဂရမ် (၇ ဒသမ ၇ ပေါင်) ရှိ ကျောက်တုံးတစ်တုံးကို အဘွားအိုတစ်ဦးက အိမ်သို့ ယူလာခဲ့ပြီး တံခါးခုသည့် ကျောက်တုံးအနေဖြင့် နှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်။ El Pais သတင်းဌာန၏ ဖော်ပြချက်အရ အဘွားအိုတွေ့ရှိခဲ့သော ကျောက်တုံးသည် ကမ္ဘာပေါ်တွင် အကြီးမားဆုံး ပယင်းတုံးကြီးဖြစ်သည်ဟု ဆိုသည်။ တန်ကြေးမှာ ယူရို ၁ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၁ သန်း) ခန့် ရှိသည်ဟု ဆိုသည်။
(▲ သစ်ပင်တစ်ပင်၏ ဒဏ်ရာရထားသော သစ်ကိုင်းတွင် သစ်စေးများ ထွက်နေသည်ကို တွေ့ရပုံ။ ဓာတ်ပုံ-Kevin Dyer / canva)
ပယင်းသည် သစ်ပင်မှထွက်သော သစ်စေးမှ အခြေတည်ပြီး နှစ်သန်းပေါင်းများစွာ ကြာသောအခါတွင် ကျောက်ဖြစ်သွားခြင်း ဖြစ်သည်။ စေးပျစ်သော သစ်စေးတို့မှာ နှစ်သန်းပေါင်းများစွာ ဖြတ်သန်းပြီးနောက် ကျောက်ဖြစ်ရုပ်ကြွင်းအဖြစ် မာကြောတောက်ပသောကျောက်အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မျက်မှောက်ခေတ်တွင် လူတို့က ကျောက်မျက်ရတနာတစ်ပါးအဖြစ် အသိအမှတ်ပြုလာကြခြင်း ဖြစ်သည်။ ရိုမေးနီးယားနိုင်ငံတွင် ပယင်းကျောက်များကို Buzau မြစ်ကမ်းတလျှောက်ရှိ သဲကျောက်များတွင် ပေါများစွာ တွေ့ရပြီး Colti ကျေးရွာအနီးဝန်းကျင်တွင် ဖြစ်သည်။ အဆိုပါ ဒေသတွင် ၁၉၂၀ ပြည့်လွန်ကာလများကတည်းက ပယင်းတူးဖော်မှုများ စတင်ခဲ့သည်။
(▲ အဘွားအို၏ ပယင်းတုံးကို တွေ့ရပုံ။ ဓာတ်ပုံ-Buzau County Museum) ၁၉၉၁ ခုနှစ်တွင် အဘွားအိုကွယ်လွန်သွားသောအခါ အဘွား၏အိမ်ကို ဆွေမျိုးတစ်ဦးက အမွေဆက်ခံရရှိခဲ့သည်။ ထိုသူက တံခါးခုသော ကျောက်တုံးကြီးမှာ တန်ဖိုးရှိသောအရာတစ်ခုခု ဖြစ်နိုင်သည်ဟု သံသယဖြစ်ကာ ကျောက်မျက်ကျွမ်းကျင်သူတို့ထံ ပြသခဲ့သည်။ ထိုအခါ တန်ဖိုးကြီးသော ပယင်းဖြစ်ကြောင်း သိလိုက်ရပြီးနောက် ရိုမေးနီးယား အစိုးရထံ ရောင်းချခဲ့သည်။ တန်ဖိုးဖြတ်ပေးသည်မှာ ပိုလန်နိုင်ငံ၊ ကရာကော့မြို့ရှိ သမိုင်းပြတိုက်မှ ကျွမ်းကျင်ပညာရှင်များ ဖြစ်သည်။ ၎င်းတို့၏ ပြောကြားချက်အရ အဘွားအိုသိမ်းဆည်းထားခဲ့သော ပယင်းတုံးကြီးမှာ နှစ်သန်းပေါင်း ၃၈ သန်းမှ နှစ်သန်းပေါင်း ၇၀ ကြား သက်တမ်းရှိသည်ဟု ဆိုသည်။ “ဒီရှာဖွေ တွေ့ရှိမှုဟာ သိပ္ပံပညာအတွက်သာမက ပြတိုက်အတွက်ပါ အရေးပါတဲ့ တွေ့ရှိမှု ဖြစ်ပါတယ်” ဟု Buzau ပြည်နယ်ပြတိုက်၏ ညွှန်ကြားရေးမှူး Daniel Costache က El Pais သတင်းဌာနသို့ ပြောသည်။ အဘွားအို၏ ကျောက်တုံးကြီးကို ရိုမေးနီးယား၏ အမျိုးသားရတနာတစ်ပါးအဖြစ် သတ်မှတ်ထားပြီး Buzau ပြည်နယ်ပြတိုက်တွင် ၂၀၂၂ ခုနှစ်ကတည်းက ပြသထားသည်။
(▲ ဘောလ်တစ်ဒေသထွက် ပယင်းကျောက်အတွင်း ကျောက်ဖြစ်ရုပ်ကြွင်းဖြစ်နေသော ပုရွက်ဆိတ်တစ်ကောင်ကို တွေ့ရပုံ။ ဓာတ်ပုံ-Anders L Damgaard/ CC/ By-SA4.0/ Wikimedia Commons)
အမေရိကန်ပြည် မီချီဂန်ပြည်နယ်တွင်လည်း အမျိုးသားတစ်ဦးက ကျောက်တုံးတစ်တုံးကို တံခါးခုသည့် ကျောက်တုံးအဖြစ် ဆယ်စုနှစ်ပေါင်းများစွာ အသုံးပြုခဲ့သည်။ နှစ်ပေါင်းများစွာကြာသောအခါမှ ကျောက်တုံးကြီးမှာ ဒေါ်လာ ၁၀၀၀၀၀ တန်ကြေးရှိသော ဥက္ကာခဲကြီး ဖြစ်နေကြောင်း သိလိုက်ရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Ref: Rock Used as a Doorstop For Decades Found to Be Worth Over $1 Million Photo Credit- Anders L Damgaard/ CC/ By-SA4.0/ Wikimedia Commons, Buzau County Museum, Kevin Dyer / canva