ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
### Zawgyi Version ###
### Unicode Version ###
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အထူးရန်ပုံငွေ ဒုတိယအသုတ်အနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ ငါးသန်းခန့်ကို စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတတ်မှုဆိုင်ရာ စီမံကိန်း ၁၂ ခုအတွက် အသုံးပြုဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနမှသိ ရသည်။
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများက ၎င်းရန်ပုံငွေ အမေရိကန် ဒေါ်လာ ငါးသန်းခန့်ဖြင့် ပေါင်းစည်းဆက်နွှယ်မှု၊ထုတ်လုပ်မှုစွမ်းရည် ပူးပေါင်းဆောင်ရွက်မှု၊နယ်စပ်ဖြတ်ကျော်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၊ရေအရင်းအမြစ်၊ စိုက်ပျိုးရေးနှင့်ဆင်းရဲနွမ်းပါးမှု လျှော့ချရေး စသည့်ကဏ္ဍငါးခုကို ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေးသည် ကမ္ဘောဒီးယား၊လာအို၊မြန်မာ၊ထိုင်းနှင့်ဗီယက်နမ် တို့ပါ ဝင်သည့် မဲခေါင်ငါးနိုင်ငံနှင့်တရုတ်နိုင်ငံတို့ ပူးပေါင်းပြီး မဲခေါင်ဒေသတွင်းနိုင်ငံများ၏ နိုင်ငံရေး၊လုံခြုံရေး၊ စီးပွားရေးနှင့်လူမှုဖွံ့ဖြိုးတိုးတတ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်တစ်ခုဖြစ်ကြောင်းသိရသည်။
၎င်းစီမံကိန်းအစီအစဉ်များဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံအစိုးရက အထူးရန်ပုံငွေအဖြစ် အမေရိကန် ဒေါ်လာ သန်း ၃၀၀ စိုက်ထူတည်ထောင်ပေးထားခြင်းဖြစ်ကြောင်းသိရသည်။
အဓိကဌာနအဖြစ် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနကစိုက်ပျိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးကဏ္ဍအောက်မှ ဆောင်ရွက်နေခြင်းဖြစ်ပြီး ဒုတိယအသုတ်အနေဖြင့် စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်မှုဆိုင်ရာ စီမံကိန်းစုစုပေါင်း ၂၃ ခုဆောင်ရွက်ရန် အဆိုပြုခဲ့ရာ စီမံကိန်း ၁၂ ခုရွေးချယ်ခံရခြင်းဖြစ်သည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com