ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ကာရစ်ဘီယံဒေသတွင် မော်တော်ယာဉ်လမ်း၊ ပရင့်စ်၏ အထိမ်းအမှတ်ဖြစ်သော ခရမ်းရောင်တို့လွှမ်းမိုးသည့် ရုပ်ရှင်ပြခန်းတို့ပါဝင်ကာ ပရင့်စ်ပိုင်ဆိုင်ခဲ့သော စံအိမ်ကြီးကို ကန်ဒေါ်လာ ၁၀ ဒသမ ၈ သန်းဖြင့် ရောင်းချလိုက်ပြီ ဖြစ်သည်။
တည်နေရာမှာ ဘဟားမားကျွန်း၏ အရှေ့ဘက် Turks and Caicos ကျွန်းစု၏ Providenciales ကျွန်းဆွယ်တွင် တည်ရှိပြီး အရောင်းဈေးကွက်တွင် ရှိနေခဲ့သည်မှာ နှစ်အတန်ကြာခဲ့ပြီ ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၏ အရှေ့တောင်ဘက်၊ ကျူးဘားနိုင်ငံ၏ အရှေ့ဘက် အတ္တလန္တိတ်သမုဒ္ဒရာအတွင်းတည်ရှိသော ကျွန်းတစ်ကျွန်းဖြစ်သည်။ ပြီးခဲ့သောနှစ်အတွင်းကလည်း လေလံတင်ရောင်းချရန် စီစဉ်ခဲ့သေးသော်လည်း ရောင်းမထွက်ခဲ့ချေ။
နောက်ဆုံးဈေးကွက်တင်ခဲ့သည်မှာ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလတွင်ဖြစ်ပြီး ထိုစဉ်ကခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၁ ဒသမ ၈ သန်း ဖြစ်သည်။
ခြံဝန်းအကျယ်မှာ ၆ ဧကနီးပါးရှိကာ ကမ်းခြေတွင် တည်ရှိပြီး ပင်မနေအိမ်၏ အကျယ်အဝန်းမှာ စတုရန်းပေ ၁၀၀၀၀ ခန့်အထိ ကျယ်ဝန်းသည်။
နေအိမ်အတွင်း အိပ်ခန်း ၆ ခန်းပါဝင်ပြီး ကမ်းခြေတွင် အလျား ပေ ၂၀၀ ရှိသည့် ဆိပ်ခံတစ်ခု ပိုင်ဆိုင်ထားသည်။
ခြံဝန်းအတွင်း တင်းနစ်ကွင်း၊ ဝန်ထမ်းနေအိမ်နှင့် သစ်လုံးတဲအိမ်များစွာ ပါဝင်သည်။
မော်တော်ယာဉ်လမ်းမှာ ခရမ်းရောင် ကွန်ကရစ်လမ်းဖြစ်ပြီး နေအိမ်အတွင်းရှိ ရုပ်ရှင်ပြခန်းမှာလည်း ခရမ်းရောင်တို့ လွှမ်းမိုးထားသည်။
ပရင့်စ်က အဆိုပါစံအိမ်ကို ၂၀၁၁ ခုနှစ်အတွင်း ဝယ်ယူခဲ့ပြီး တစ်နှစ်ခန့်အတွင်း ကပ်လျက်မြေကွက် ၂ ခုကို ဝယ်ယူကာ ပေါင်းစည်းပေးခဲ့ကြောင်း Sotheby’s International Realty မှ အကျိုးဆောင် နီနာ ဆီဂျန်သာလာက ပြောကြားသည်။
မစ္စ ဆီဂျန်သာလာ၏ ပြောကြားချက်အရ ပရင့်စ်သည် ဝယ်ယူပြီးနောက် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ခဲ့ရာ အိမ်တွင်းနေရာ ပိုမိုကျယ်ဝန်းစေရန်အတွက် နံရံများကို ဖြိုချပစ်ခဲ့သည်ဟု ဆိုသည်။
ယခု ဝယ်လက်မှာ မြောက်ကယ်ရိုလိုင်းနားအခြေစိုက် ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီတစ်ခုဖြစ်သော 319 Capital Partners မှ အမှုဆောင်ချုပ် တွမ်ဘန်းစ် ဖြစ်သည်။ ပရင့်စ်ရဲ့  နေအိမ်ကို ဝယ်ယူလိုက်ရတာ ဆုလာဘ်တစ်ခုပါဟု တွမ်ဘန်းစ်က ပြောသည်။
“အထက်တန်းကျောင်းသားဘဝတုန်းက 1999 ကို ကျွန်တော် နားထောင်ခဲ့တာ မှတ်မိနေပါတယ်” ဟု မစ္စတာ ဘန်းစ်က ဆိုသည်။
မစ္စတာ ရည်ညွန်းသည်မှာ ပရင့်စ်၏ တေးအယ်လ်ဘမ်တစ်ခုကို ရည်ညွှန်းခြင်းဖြစ်သည်။
မစ္စတာဘန်းစ်က ပြောကြားရာတွင် သူနှင့် မိသားစုသည် Turks and Caicos တွင် လာရောက် အပန်းဖြေလေ့ရှိသည်မှာ နှစ်ပေါင်းများစွာ ရှိခဲ့ပြီဖြစ်ကြောင်း၊ လူအမြောက်အမြား ဧည့်ခံနိုင်မည့် ကျယ်ဝန်းသော နေအိမ်တစ်ခုကို လိုချင်နေခဲ့ကြောင်း ပြောကြားသည်။
ယခုနေအိမ်တွင် မနေထိုင်ဖြစ်သည့်အချိန်များ၌ ပြန်လည်အငှားချထားလိုကြောင်းလည်း ၎င်းက ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)