ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ရန်ကုန်တိုင်း ဒေသကြီး အိမ်ရာစီမံကိန်းများရောင်းချရေးကြီးကြပ်မှုကော်မတီက ရန်ကုန်တိုင်းဒေသကြီး အတွင်း တည်ဆောက်ထားသည့် အိမ်ရာများအား ဆောက်လုပ်ရေး၊အိမ်ရာနှင့်အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးဘဏ် (CHID) နှင့်ချိတ်ဆက်ရောင်းချပေးလျှက်ရှိရာ ဇွန် (၄) ရက်နေ့က ဒုတိယအကြိမ်မြောက်မဲနှိုက်ရောင်းချပေးခဲ့သည်။
ယခု တန်ဖိုးနည်း၊တန်ဖိုးသင့် အိမ်ရာအခန်းပေါင်း(၂၀၀) ကျော်ကို တတိယအသုတ်အနေနှင့်ထပ်မံ ရောင်းချပေးသွားမည် ဖြစ်ကြောင်း သိရသည်။
" ဒုတိယအသုတ်က အခန်း (၃၂၅) ခန်းရောင်းတာပါ။သတ်မှတ်ကာလအတွင်း လာရောက်ဆက်သွယ်ပြီး တိုက်ခန်းဝယ်ယူခွင့် ဆန္ဒပြုသူ ၅၈ ဦးကို မဲနှိုက်ရောင်းချပေးခဲ့ပါတယ် " ဟု ရန်ကုန်တိုင်းဒေသကြီး အိမ်ရာစီမံကိန်းများ ရောင်းချရေးကြီးကြပ်မှုကော်မတီမှတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဒုတိယအသုတ် ရောင်းချပေးထားသည့် အိမ်ခန်းကိစ္စရပ်များကို ဝယ်ယူခွင့်ရရှိထားသူများအနေနှင့် ယခု ဇွန်လ ၂၁ ရက်နေ့နောက်ဆုံးထား ဆောင်ရွက်ရမှာဖြစ်ပြီး ထိုကိစ္စရပ်များပြီးစီးပါက အခန်းပေါင်း (၂၀၀) ကျော် ကို တတိယအသုတ်အနေနှင့် ထပ်မံရောင်းချပေးမည်ဖြစ်ကြောင်း သိရပါသည်။
ဇော်ပိုင်ဦး (မြန်မာပြည်သား) မှ ( iMyanmarHouse.com အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com