ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
တရုတ်ပြည်တွင် နိုင်ငံပိုင်ကုမ္ပဏီအများအပြားသည် အိမ်ခြံမြေစီမံကိန်းများတွင် ပိုင်ဆိုင်ထားသည့် ရှယ်ယာများကို မကြာသေးမီက ရောင်းထုတ်လာလျက်ရှိနေသည်။
အိမ်ခြံမြေကဏ္ဍသည် တရုတ်ပြည်ဂျီဒီပီ တိုးတက်မှုတွင် အရေးပါသည့်ကဏ္ဍတစ်ခုဖြစ်သည့်အပြင် နိုင်ငံပိုင်ကုမ္ပဏီများအတွက်လည်း အဓိကငွေဝင်လမ်းကြောင်းတစ်ခုဖြစ်ရာ ယခုကဲ့သို့ ရောင်းထုတ်လာမှုအပေါ် များစွာအာရုံစိုက်လာကြသည်။
တရုတ်အခြေစိုက် ဘဏ္ဍာရေးသတင်းဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Securities Times မှ ဖော်ပြချက်အရ မေလ ၁ ရက်မှ ဇွန်လ ၁၄ ရက်အတွင်း ပေကျင်းရှိ အိမ်ခြံမြေစီမံကိန်းပေါင်း ၂၀ ခန့်မှာ ရှယ်ယာလွှဲပြောင်းရောင်းချမှုများ ပေါ်ပေါက်ခဲ့ကြောင်း ဖော်ပြထားသည်။
နှိုင်းယှဉ်ချက်အနေဖြင့် ကြည့်မည်ဆိုလျှင် ယခုနှစ် ပထမ ၄ လတာကာလအတွင်း ရှယ်ယာလွှဲပြောင်းရောင်းချမှု ၂ ကြိမ်သာ ဖြစ်ပေါ်ခဲ့မှုနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။
ထိုသို့ ရှယ်ယာရောင်းချခဲ့သည့် အိမ်ခြံမြေစီမံကိန်း ၂၀ အနက် ၁၅ ခုမှာ နိုင်ငံပိုင်ကုမ္ပဏီများမှ ဖြစ်ကြပြီး China Poly Group, Sinochem Group, Overseas Chinese Town Enterprises Co, OCT Group, Aviation Industry Corporation of China, Power Construction Corporation of China, China General Technology Group, China Electronics Corporation, China National Machinery Industry Corporation နှင့် China Nonferrous Metal Mining Group တို့ ပါဝင်သည်။
Securities Times ၏ ဖော်ပြချက်တွင် ရောင်းချမှုအသေးစိတ်အချက်အလက်အချို့ကိုလည်း ဖော်ပြထားသေးသည်။
ဇွန်လ ၁၂ ရက်တွင် Sinochem Group ၏ ကုမ္ပဏီခွဲဖြစ်သော China Jinmao သည် ရှယ်ယာ ၂၈ ဒသမ ၅၆ ရာခိုင်နှုန်းကိုလည်းကောင်း၊ China Poly Group ၏ ကုမ္ပဏီခွဲဖြစ်သော Poly Real Estate သည် ရှယ်ယာ ၁၀ ရာခိုင်နှုန်းကို လည်းကောင်း ရောင်းချခဲ့ကြသည်ဟု ဖော်ပြထားသည်။
ဇွန်လ ၁၇ ရက်တွင်မူ OCT Group ၏ ကုမ္ပဏီခွဲက Jade City Co Ltd တွင် ရင်းနှီးမြှုပ်နှံထားသော ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို ရောင်းချရန် ဈေးကွက်တင်လာသည်ဟု ဆိုသည်။
တရုတ်ဘဏ္ဍာရေးပညာရှင် ဟီကျန်းဘင်က RFA သတင်းနှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့ရာ၌ နိုင်ငံပိုင်ကုမ္ပဏီတို့သည် တရုတ် အိမ်ခြံမြေဈေးကွက်၏ အလားအလာနှင့် စပ်လျဉ်းပြီး အဆိုးမြင်ထားသည့်သဘောရှိနေကြောင်း ယခုလှုပ်ရှားမှုများက ပြသနေသည်ဟု ပြောကြားသည်။
“သူတို့ဟာ ထိပ်တန်းခေါင်းဆောင်ပိုင်းတွေရဲ့ အစီအစဉ်တွေကို ပြည်သူတွေမသိခင် ကြားသိထားမှုတွေရှိတယ်ဆိုတာ ဒါက ပြသနေပါတယ်” ဇွန်လ ၁၃ ရက်တွင်လည်း တရုတ်ဗဟိုဘဏ်နှင့် တရုတ် အာမခံလုပ်ထုံးလုပ်နည်းကော်မရှင်တို့၏ အကြီးအကဲ ကောက်ရှုချင်က ရှန်ဟိုင်းတွင် မိန့်ခွန်းပြောကြားခဲ့ရာ၌ အိမ်ခြံမြေများသည် ဈေးကစားရန်အတွက်မဟုတ်ကြောင်း ထည့်သွင်းပြောကြားထားသည်။
ထို့အပြင် အိမ်ခြံမြေကဏ္ဍတွင် လူမနေသည့်အခန်းလွတ်ပမာဏနှုန်း အလွန်မြင့်မားနေပြီး ရောင်းလိုအား အလွန်မြင့်တက်နေကြောင်း၊ အဆိုပါအခြေအနေမှာ အလွန်အန္တရာယ်များပြားကြောင်း ကောက်ရှုချင်က သတိပေးခဲ့သည်။
ကောက်ရှုချင်၏ မိန့်ခွန်းအရ ကာလတာရှည်အငြင်းပွားနေခဲ့သော အိမ်ခြံမြေအကောက်ခွန်ကောက်ယူရေးသည် မကြာတော့မည့် အနာဂတ်တွင် အမှန်တကယ်ဖြစ်ပေါ်လာဖွယ်ရာရှိနေသည်။
နိုင်ငံပိုင်ကုမ္ပဏီတို့သည် တရုတ်အိမ်ခြံမြေဈေးကွက်အတွက် လေဖိအားတိုင်းကိရိယာသဖွယ်ဖြစ်နေပြီး ၎င်းတို့၏ အရောင်းအဝယ်လှုပ်ရှားမှုများသည် ပြည်သူများအတွက် ကြီးမားသည့် ကိုးကားဖွယ်တစ်ခုလည်း ဖြစ်ကြောင်း ၎င်းက ထောက်ပြသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)