ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
တည်နေရာ- အမေရိကန်ပြည်၏ အရှေ့ဘက် မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်းတည်ရှိသော ဘာမြူဒါကျွန်းမှ Warwick အရပ်
ဈေးနှုန်း- ကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်း
အကျယ်အဝန်း- ၇၃၈၁ စတုရန်းပေ၊ အိပ်ခန်း ၄ ခန်း၊ ဧည့်ဂေဟာအိမ်၊ ဝန်ထမ်းနေအိမ်ခန်း
ကက်သရင်းဇီတာဂျုန်းစ်သည် အင်္ဂလန်ဘုရင်မကြီး၏ သူရဲကောင်းဘွဲ့ချီးမြှင့်ခံရသူ ဟောလိဝုဒ်သရုပ်ဆောင်တစ်ဦး ဖြစ်သည်။
အင်္ဂလန်နိုင်ငံ ဆွမ်ဆီးအရပ်တွင် မွေးဖွားကြီးပြင်းခဲ့ပြီး ငယ်စဉ်ကတည်းကပင် သရုပ်ဆောင်လောက၌ စတင်ခြေချခဲ့သည်။
Annie နှင့် Bugsy Malone ဂီတဇာတ်မြူးကားများတွင် ကလေးသရုပ်ဆောင်အဖြစ် ပါဝင်ုခဲ့သည်။
ယင်းနောက် လန်ဒန်ရှိ Arts Educational Schools တွင် တေးဂီတပညာကို သင်ယူခဲ့သည်။
ကက်သရင်းဇီတာဂျုန်းသည် ရုပ်ရှင်ဇာတ်ကားများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့်အနက် ၂၀၀၂ ခုနှစ်က ထုတ်လုပ်ခဲ့သော Chicago ဇာတ်ကားဖြင့် အကောင်းဆုံးဇာတ်ပို့ မင်းသမီးအဖြစ် အော်စကာဆု ရရှိခဲ့သည်။
သရုပ်ဆောင်ဘဝတစ်လျှောက် ဆုတံဆိပ်ပေါင်းများစွာ ရရှိခဲ့သည့်အနက် အော်စကာဆု ၁ ခု၊ ဗြိတိသျှရုပ်ရှင်အကယ်ဒမီဆု ၁ ခုနှင့် တိုနီဆု ၁ ခုတို့ရရှိခဲ့ပြီး သူ၏သရုပ်ဆောင်လောကဖြတ်သန်းမှုများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်ချက် များကြောင့် ၂၀၁၀ ပြည့်နှစ်တွင် ဗြိတိန်ဘုရင်မကြီးက သူရဲကောင်းဘွဲ့ (CBE) ချီးမြှင့်ခြင်းခံခဲ့ရသည်။
ကက်သရင်းဇီတာဂျုန်းစ်၏ ခင်ပွန်း မိုက်ကယ် ဒေါက်ဂလပ်မှာ အမေရိကန် ရုပ်ရှင်သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူတစ်ဦး ဖြစ်သည်။
မိုက်ကယ်ဒေါက်ဂလပ်သည် အနုပညာသက်တမ်းတစ်လျှောက် ဆုတံဆိပ်များစွာ ရရှိထားရာ အော်စကာဆု ၂ ခု၊ ရွှေကမ္ဘာလုံးဆု ၅ ခု၊ Primetime Emmy ဆု ၁ ခု၊ Cecil B. DeMille ဆုနှင့် AFI Life Achievement ဆုတို့ ပါဝင်သည်။
မိုက်ကယ်ဒေါက်ဂလပ်နှင့် ကက်သရင်းဇီတာဂျုန်းစ်တို့သည် ကမ္ဘာတစ်ဝန်းတွင် အိမ်ခြံမြေများစွာ ပိုင်ဆိုင်ထားသည်ဟု သိရသည်။
မိုက်ကယ်ဒေါက်ဂလပ်၏ မိသားစုသည် ဘာမြူဒါကျွန်းပေါ်တွင် ကာလတာရှည် မျိုးဆက်များစွာ အခြေချနေထိုင်ခဲ့ကြသည့် ထင်ရှားသူများ ဖြစ်ကြသည်။
ယခုအခါ အဆိုပါ ကျွန်းပေါ်ရှိ နေအိမ်ကို ကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်းဖြင့် အရောင်းဈေးကွက်တင်လာခြင်းလည်း ဖြစ်သည်။
ခြံအကျယ် ၃ ဧကရှိပြီး ခြံဝန်းအတွင်း ကောင်းစွာမြေယာအလှပြုပြင်ထားသည်။
ပင်မနေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၇၃၀၀ ရှိပြီး အိပ်ခန်း ၈ ခန်းနှင့် ရေချိုးခန်း ၈ ခန်း၊ အိပ်ခန်း ၂ ခန်းပါ ခြံစောင့်အိမ်တစ်လုံး၊ အိပ်ခန်းတစ်ခန်းပါ လူနေခန်းတစ်ခန်းတို့ ပါဝင်သည်။
အဆိုပါနေအိမ်သည် နှစ်ပေါင်းများစွာ ကာလအတွင်း အရောင်းဈေးကွက်တွင် ဝင်ချည်ထွက်ချည်ဖြစ်နေခဲ့သည်။
ယခုအခါ Sotheby’s Intl. Realty မှ အကျိုးဆောင် လင်ဒီ သက်ချာက ဈေးကွက်တင်ပေးခြင်း ဖြစ်သည်။
အပေါ်ထပ်တွင် ဧည့်သည်များအတွက် master bedroom တစ်ခန်း၊ ရုံးခန်းနှင့် မီဒီယာခန်းမတို့ တည်ရှိပြီး ပေ ၅၀ အလျားရှိ ဝရန်တာမှတဆင့် ဟမ်မိလ်တန် ဆိပ်ကမ်း၏အလှများကို ကြည့်ရှုနိုင်သည်။
မြေအောက်ခန်းတွင် ရေချိုးခန်းနှင့် sauna တို့ပါဝင်သော လေ့ကျင့်ခန်း ခန်းမတစ်ခု ပါဝင်သည်။
နေအိမ်ပြင်ပတွင်မူ ဘယဆေး ပန်းဥယျာဉ်နှင့် သစ်သီးဝလံပင်များ၊ ကျောက်ကပ်ပုံသဏ္ဍာန် ရေကူးကန်နှင့် တင်းနစ်ကွင်းတို့ တည်ရှိသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)