ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဂျပန်နိုင်ငံသည် သေးငယ်သော နိုင်ငံငယ်လေးသာဖြစ်သော်လည်း ဆန်းကြယ်သည့်အလှတရားများ၊ အံ့ဖွယ် ခရီးလမ်းကြောင်းများ၊ ဇိမ်ခံယာဉ် ရထားများဖြင့် အတိပြီးသော နိုင်ငံတစ်ခု ဖြစ်သည်။
တမူထူးခြားလှသော ကျွန်းနိုင်ငံကလေး၏ အဓိကကျွန်းမကြီးဖြစ်သော ဟွန်ရှုးကျွန်း၏ တောင်ဘက်စွန်းရှိ အိုင်ဝါကူနီအမည်ရှိ မြို့ကလေးအနီးတွင် ဖြတ်သန်းစီးဆင်းနေသော နီရှီကီမြစ်ကမ်း၏ လူသူအလှမ်းဝေးလှသော တစ်နေရာတွင် ရထားဘူတာရုံကလေးတစ်ခု ပေါ်ပေါက်လာသည်။
ထူးခြားသည်မှာ အဆိုပါဘူတာရုံကလေးတွင် ဝင်ပေါက်၊ ထွက်ပေါက်များ ရှိမနေဘဲ မြစ်ရှုခင်းကိုကြည့်ရှုရန် မျှော်စင်သဖွယ်သာ တည်ဆောက်ထားခြင်း ဖြစ်သည်။ ဘူတာရုံကလေးတည်နေရာသို့လည်း ရထားဖြင့်သာ ရောက်ရှိနိုင်သည်။
“ဆေညူ မီဟားရ ရှီယက်ကီ”ဟု ဘူတာကလေးကို အမည်ပေးထားပြီး ကြည်လင်သော စမ်းချောင်းကို ကြည့်ရှုမည့် ရထားပလက်ဖောင်းဟု အဓိပ္ပာယ်ရသည်။ ယာမကုချိ စီရင်စုရှိ နိရှ်ကီးဂါးရ ရထားလမ်းမှ ရထားဖြင့်သာ ရောက်ရှိနိုင်သည်။
ဘူတာကလေးတည်ဆောက်ထားရာ ဝန်းကျင်ရှိ သဘာဝအလှတရားများကို ခံစားနိုင်ရန်သက်သက်အတွက် ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။
ဘူတာကလေးသို့ ရောက်လျှင် ခရီးသည်များအနေဖြင့် လှေကားထစ်များ၊ ဆင်ခြေလျှောများ၊ နောက်ဆုံးအားဖြင့် လက်မှတ် အရောင်းကောင်တာပင် တွေ့ရမည်မဟုတ်ချေ။ ခရီးသည်များအနေဖြင့် ရထားဘူတာရုံ ပလက်ဖောင်းမှ ထွက်ခွာသွားရန် လမ်းလည်း မရှိချေ။
ဂျပန်ရှိ ရထားလမ်းစနစ်များသည် ကမ္ဘာတစ်ဝန်းရှိ အခြားနိုင်ငံများနှင့် မတူချေ။
ဂျပန်သည် ကမ္ဘာပေါ်တွင် ဆက်သွယ်မှုစနစ်အကောင်းဆုံးနှင့် အထိရောက်ဆုံး ရထားလမ်းစနစ်များ ပိုင်ဆိုင်ထားပြီး အနာဂတ်ကမ္ဘာမှ လူများက ပစ္စုပ္ပန်ကို လာရောက်စီမံနေသကဲ့သို့ မှတ်ထင်ရသည်။
အထိရောက်ဆုံး စီမံနိုင်သည်ဆိုသည့်အချက်မှာ စကုဘ ရထားကုမ္ပဏီ (Tsukuba Express) က ရထားစက္ကန့် ၂၀ စောထွက်မိသည့် အတွက် ပြည်သူလူထုကို တောင်းပန်စာ ထုတ်ခဲ့သည့်ဖြစ်ရပ်ကို ကြည့်လျှင် သိနိုင်သည်။
“ဆေညူ မီဟားရ ရှီယက်ကီ” ဘူတာရုံလေးကို ၂၀၁၉ ခုနှစ်၊ မတ်လ ၁၇ ရက်ကမှ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး Google maps တွင်မူ ထည့်သွင်းရခြင်း မရှိသေး။ ယာမာကုချိစီရင်စု၏ တောင်စောင်းတစ်ခုဘေး မြစ်ကမ်းပါးတွင် ဆောက်လုပ်ထားသည်။
ဂျပန်နိုင်ငံတစ်ဝန်းတွင် တောင်တန်းများမှာ ၇၀ ရာခိုင်နှုန်းခန့်အထိ နေရာယူထား၏။
ယာမာကုချိစီရင်စု၏ ပိုင်နက်မြေ စုစုပေါင်းအနက် ၇ ရာခိုင်နှုန်းကို သဘာဝဥယျာဉ်မြေအဖြစ် ၂၀၁၂ ခုနှစ်တွင် သတ်မှတ်ခဲ့သည်။
နီရှီကီမြစ်သည် ယာမာကုချိစီရင်စုတွင် အရှည်လျားဆုံးမြစ်ဖြစ်ပြီး ကီလိုမီတာ ၁၁၀ ခန့် ရှည်လျားသည်။
ရှုနန်မြို့အနီးတွင် စတင်မြစ်ဖျားခံပြီး ကုန်းတွင်းပင်လယ်အတွင်းသို့ စီးဝင်သည်။ ပင်လယ်အနီး စီးဝင်ခါနီးတွင် မွန်းဇံမြစ်နှင့် အီမာဇူမြစ်ဟူ၍ မြစ်နှစ်သွယ်ခွဲသွားသည်။ ဂျပန်နိုင်ငံတွင် မြစ်များလည်း အလွန်ပေါများလှပြီး ကမ္ဘာ့အရှည်လျားဆုံး ရထားကူးတံတားမှာလည်း ဂျပန်တွင် တည်ရှိနေသည်။
ဟွန်ရှုးကျွန်းပေါ်ရှိ အိုကားယာမ စီရင်စုမှ ရှီကိုးကုကျွန်း၊ ကာဂါဝါ စီရင်စုသို့ ဆက်သွယ်ပေးထားသည့် ဆီးတိုဟားရှိအမည်ရှိ တံတားသည် ကမ္ဘာပေါ်တွင် အရှည်လျားဆုံး ရထားကူးတံတားကြီးဖြစ်ပြီး နှစ်ထပ်တံတားဖြစ်ကာ အပေါ်တွင် ကားလမ်းဖြစ်ကာ အောက်တွင် ရထားလမ်းဖြစ်သည်။
“ဆေညူ မီဟားရ ရှီယက်ကီ” ဘူတာကလေးကဲ့သို့ပင် ဂျပန်ပြည်တစ်ဝန်းတွင် ဆန်းပြားသော ဘူတာများ များစွာရှိနေသေးသည်။
သာဓကအားဖြင့် ရှီကိုကုကျွန်းပေါ်တွင် တည်ရှိသော ဆူရှိမနိုမီယဘူတာသည် တစ်နှစ်လျှင် ၂ ကြိမ်သာ ဖွင့်လှစ်သည့် ဘူတာရုံဖြစ်သည်။
ဆူရှိမ ဗိမာန်အတွက် နွေရာသီပွဲတော်ကာလ ကျင်းပချိန်တွင် ဖွင့်လှစ်ပေးခြင်းဖြစ်၏။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)