ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
Knight Frank ကမ္ဘာ့အိမ်ခြံမြေအတိုင်ပင်ခံကုမ္ပဏီက နိုင်ငံပေါင်း ၅၆ နိုင်ငံမှ ပျမ်းမျှလူနေအိမ်ခြံမြေဈေးနှုန်းအပြောင်းအလဲများအား အချိန်ယူလေ့လာဆန်းစစ်ကာ ယခုနောက်ဆုံးထုတ်ပြန်ထားသော ၂၀၁၉ ပထမသုံးလပတ်ကမ္ဘာ့အိမ်ဈေးအညွှန်းကိန်းစာရင်းတွင် သြစတြေးလျက နောက်ပိတ်ဆုံး၌ ရပ်တည်ခဲ့ကြောင်း သိရသည်။
သြစတြေးလျအိမ်ခြံမြေဈေးနှုန်းများသည် ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် ၂၀၁၈ ခုနှစ် ပထမသုံးလပတ်အောက် ၅ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း သြစတြေးလျစာရင်းအင်းဗျူရို (ABS) ၏ အချက်အလက်များအား ကိုးကား၍ ထိုကုမ္ပဏီက ဖော်ပြခဲ့သည်။
ABS မှ ဇွန် ၁၈ တွင် ထုတ်ပြန်ခဲ့သော အချက်အလက်များအရ သြစတြေးလျတွင် ဒေသဆိုင်ရာမြို့တော်များအားလုံးရှိ အိမ်ဈေးများသည် ၎င်းသုံးလပတ်တွင် ကျဆင်းခဲ့ကြကြောင်း သိရသည်။ မဲလ်ဘုန်းတွင် ၃ ဒသမ ၈ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အများဆုံးကျဆင်းမှုအဖြစ် ဆစ်ဒနီတွင် ၃ ဒသမ ၉ ရာခိုင်နှုန်း ကျဆင်းခဲ့ခြင်းဖြစ်သည်။
အဒယ်လေ့ဒ်မြို့ရှိ အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၁၃ ခုနှစ် ပထသုံးလပတ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ၀ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ဟိုဘာ့တ်မြို့ရှိ အိမ်ခြံမြေဈေးနှုန်းများမှာ ၂၀၁၂ ခုနှစ် တတိယသုံးလပတ်ကတည်းက ပထမဆုံးအကြိမ်အဖြစ် ၀ ဒသမ ၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ပါ့သ်တွင် ၁ ဒသမ ၁ ရာခိုင်နှုန်း၊ ကင်ဘာရာတွင် ၀ ဒသမ ၉ ရာခိုင်နှုန်းနှင့် ဒါဝင်တွင်လည်း ၁ ဒသမ ၈ ရာခိုင်နှုန်းဖြင့် အသီးသီး ကျဆင်းခဲ့ပြီး ဘရစ္စဘိန်းတွင် ၁ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။
ရောင်းလိုအားနည်းမှုနှင့် ရင်းနှီးမြှုပ်နှံသူနှင့် နေထိုင်ရန်ဝယ်ယူသူတို့၏ ဝယ်လိုအားလျော့နည်းမှုတို့ ဆက်လက်ဖြစ်ပေါ်ခြင်းကြောင့် ထိုကဲ့သို့အိမ်ခြံမြေဈေးနှုန်းများ ကျဆင်းရခြင်းဖြစ်သည်ဟု ABS စီးပွားရေးပညာရှင်များ၏ခေါင်းဆောင် ဘရုစ်ဟော့ခ်မန်းက ပြောကြားခဲ့သည်။
၂၀၁၉ ပထမသုံးလပတ်ကမ္ဘာ့အိမ်ဈေးအညွှန်းကိန်းစာရင်းပါ နိုင်ငံများအနက် ကမ္ဘာ့အမြင့်တက်ဆုံးအိမ်ဈေးများရှိသော နိုင်ငံမှာ ဆလိုဗေးနီးယားဖြစ်သည်။
အိမ်ဈေးမြင့်တက်မှုများကြောင့် အိမ်ဈေးကွက်တည်ငြိမ်စေရေးစည်းမျဉ်းများ တင်းကျပ်ထားသည့် တရုတ်ကလည်း ထိုစာရင်းတွင် မြင့်တက်နှုန်း ၁၁ ဒသမ ၆ ရာခိုင်နှုန်းဖြင့် တတိယနေရာ၌ ရပ်တည်ခဲ့ကြောင်း သိရသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)