ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
အင်္ဂလန်နိုင်ငံ၊ အနောင်တောင်ဖျားစွန်းတွင် ကွန်းဝေါလ်အမည်ရှိ ခရိုင်တည်ရှိသည်။
ကွန်းဝေါလ်ခရိုင်၏ မြောက်ဘက်တွင် ချက်ပယ် အမ်ဘယ်လ်အမည်ရှိ ကျေးရွာကလေးတစ်ရွာ ရှိ၏။
ချက်ပယ် အမ်ဘယ်လ် ကျေးရွာကလေးတွင် ဈေးဆိုင်တစ်ဆိုင်နှင့် ဘုံဆိုင်တစ်ဆိုင်သာ ရှိသည်။
ချက်ပယ် အမ်ဘယ်လ် ရွာကလေးသည် ရွာသိမ်ရွာမွှားလေးတစ်ခုသာဖြစ်သော်လည်း ၂၀၀၂ ခုနှစ်အတွင်း လယ်သမားတစ်ဦး အသတ်ခံရသော လူသတ်မှုကြီးဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံး လူသိများ ထင်ရှားသွားခဲ့သည်။
သတင်းစာတစ်စောင်မှ သတင်းထောက်တစ်ဦးသည် အဆိုပါဒေသခံဖြစ်ခြင်းကြောင့် သတင်းကို အထူးရေးသားဖော်ပြရာမှ အာရုံစိုက်မှု များစွာရရှိလာခြင်းလည်း ဖြစ်သည်။
ယခုအခါ ချက်ပယ် အမ်ဘယ်လ်ကျေးရွာရှိ နွားတင်းကုပ်တစ်ခုပါသော လယ်ယာမြေကွက်တစ်ခုကို ပေါင် ၁၅၀၀၀၀ (မြန်မာငွေအားဖြင့် ၂၉၀၅ သိန်းကျော်) ဖြင့် ရောင်းချရန် ဈေးကွက်ဝင်လာသည်။
လယ်ယာကွက်တွင် အကာအရံများ မရှိချေ။ နွားတင်းကုပ်မှာလည်း ယိုယွင်းပျက်စီးနေပြီဖြစ်ပြီး အိပ်ခန်း ၂ ခန်းပါ တဲအိမ်အဖြစ် ပြန်လည် ဆောက်လုပ်ရန် မူလက စီစဉ်ခဲ့သည်ဟု ဆိုသည်။
သို့ရာတွင် ယာတောအိမ်အဖြစ် ဆောက်လုပ်ရန်အတွက် အနည်းဆုံး ပေါင် ၁၀၀၀၀၀ ခန့် ကုန်ကျမည် ဖြစ်သည်။
ချက်ပယ် အမ်ဘယ်လ်ကျေးရွာ ယာတော၏ အစွန်းတွင် တည်ရှိပြီး Rock အမည်ရှိ အပန်းဖြေစခန်းနှင့် ၅ မိုင်၊ ပိုးလ်ဇီးသ် ရေလွှာလျှောစီး ကမ်းခြေနှင့် အနည်းငယ်သာ ကွာဝေးသည့်အရပ်တွင် တည်ရှိသည်။
John Bray အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ ဂျို အက်ရှ်ဘီက ပြောကြားရာတွင် ဤဒေသတွင် အနားယူလိုသူ (သို့မဟုတ်) ဒုတိယနေအိမ်အဖြစ် ထားရှိလိုသူတစ်ဦးဦးထံ ရောင်းချရဖွယ်ရှိကြောင်း ပြောကြားသည်။
“လက်ရှိအားဖြင့်တော့ အဲဒီမှာက နွားတင်းကုပ်ဟောင်းတစ်ခုပဲရှိပါတယ်။ မသုံးတာလည်း တော်တော်ကြာပြီ။ လက်ရှိမြင်ကွင်းကတော့ စိတ်ပျက်စရာပါပဲ။ တော်တော်လေး ဂရုတစိုက်ပြန်ပြီး မွမ်းမံဖို့ လိုပါတယ်”
“လက်ရှိမှာ ဒီနေရာကို အိပ်ခန်း ၂ ခန်းပါ ယာတောအိမ်အဖြစ် ပြန်လည်ဆောက်လုပ်ဖို့ ခွင့်ပြုမိန့်လည်းရပြီးပါပြီ။ မြေအကျယ်အဝန်းက ၁ ဒသမ ၈ ဧက ရှိပါတယ်ရှင့်။”ဟု ဂျို အက်ရှ်ဘီက ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)