ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အမေရိကန်ကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်၊ ဖဲရ်ဖီးဒ်ခရိုင်၊ ဂရင်းဝစ်ခ်ျမြို့ကလေးတွင် တစ်ချိန်က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ပထမဇနီး အိုင်ဗန်ကာတို့ နေထိုင်ခဲ့ကြဖူးသော စံအိမ်ကြီးတည်ရှိသည်။
၆ ဧက ကျယ်ဝန်းသော အဆိုပါစံအိမ်ကြီးကို လက်ရှိပိုင်ရှင်များက မူလခေါ်ဈေးအောက် ၂၉ ရာခိုင်နှုန်းခန့်အထိ ဈေးလျှော့လိုက်ကာ ကန်ဒေါ်လာ ၃၇ ဒသမ ၆ သန်းဖြင့် အရောင်းဈေးကွက်တင်လာသည်။
ဂျော်ဂျီယာ ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားသော စံအိမ်ကြီးသည် ဒေါ်နယ်ထရမ့် လက်ရှိနေထိုင်နေသော အိမ်ဖြူတော် အဆောက်အအုံနှင့် များစွာ ပုံသဏ္ဍာန်တူညီလှသည်။
လက်ရှိပိုင်ရှင်များက ၂၀၁၅ ခုနှစ်တွင် ပထမဆုံးဈေးကွက်တင်ခဲ့ဖူးပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၅၂ ဒသမ ၇ သန်း ဖြစ်သည်။
လက်ရှိပိုင်ရှင်များမှာ ဘဏ္ဍာရေးလုပ်ငန်းရှင် ရောဘတ် စတန်းဘာ့ဂ်ျနှင့် ဇနီး ဆူဇန်နီတို့ဖြစ်ကြသည်။
ဂရင်းဝစ်ခ်ျမြို့၊ ဗစ္စတာ ဒရိုက်ဗ်လမ်း၊ အမှတ် ၂၁ ရှိ နေအိမ်ကို စတန်းဘာ့ဂ်ျက ၂၀၀၉ ခုနှစ်ကတည်းက ရောင်းချရန် ကြိုးပမ်းခဲ့ဖူး ကြောင်း ဝေါစထရိဂျာနယ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ရောဘတ် စတန်းဘာ့ဂ်ျတို့ ဇနီးမောင်နှံသည် အဆိုပါစံအိမ်ကြီးကို အိုင်ဗန်နာထံမှ ၁၉၉၈ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၅ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ယင်းနေအိမ်တွင် ထရမ့်နေထိုင်ခဲ့ဖူးပြီးနောက်ပိုင်း ၁၆ နှစ်အကြာတွင် ဖြစ်သည်။
အိမ်ခြံမြေ ဝက်ဘ်ဆိုက်တစ်ခုဖြစ်သော Zillow မှ သတင်းတစ်ရပ်အရ ၂၀၀၉ ခုနှစ်အတွင်း ဈေးကွက်တင်ခဲ့စဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ သန်း ၅၀ ဖြစ်သည်ဟု သိရသည်။
ယင်းနောက်ပိုင်း ၂၀၁၄ ခုနှစ်တွင် ကန်ဒေါ်လာ ၅၄ သန်းဖြင့် ဈေးကွက်တင်ခဲ့သေးသော်လည်း ဒေါ်နယ်ထရမ့် သမ္မတရွေးကောက်ပွဲ ဝင်ချိန်တွင် ဈေးကွက်မှ ပြန်လည်ရုပ်သိမ်းခဲ့သည်။
၂၀၁၈ ခုနှစ် အစောပိုင်းတွင်ကား အရောင်းဈေးကွက်သို့ ကန်ဒေါ်လာ ၄၅ သန်းဈေးခေါ်ကာ ပြန်လည်ဝင်ရောက်လာပြန်သည်။
စတန်းဘာ့ဂ်ျဇနီးမောင်နှံအတွက် အရောင်းဈေးကွက်တင်ပေးသည်မှာ Sotheby’s International Realty မှ အိမ်ခြံမြေအကျိုးဆောင် ဂျိုးဆက်ဖ် ဘာဘာရီ ဖြစ်သည်။
ဘာဘာရီက ပြောကြားရာတွင် ယခုဈေးကွက်တင်လာသည့် ခေါ်ဈေးမှာ မြေဈေးတန်ဖိုးမျှသာရှိကြောင်း ပြောကြားသည်။
ဂရင်းဝစ်ခ်ျစံအိမ်တွင် အိပ်ခန်း ၈ ခန်း၊ ရေချိုးခန်း ၁၃ ခန်း၊ တင်းနစ်ကွင်း ၁ ခု၊ ကိုယ်ပိုင် ဆိပ်ခံတံတားတစ်ခု၊ ဂေါက်ကွင်းတစ်ခု၊ အိမ်တွင်း ရေကူးကန်ပါသော ဧည့်ဂေဟာအိမ် ၁ လုံး၊ မီးလင်းဖို ၈ ခု၊ ကား ၅ စင်းဆန့် ကားဂိုဒေါင် ၁ လုံး၊ ဝန်ထမ်း လူနေခန်း ၃ ခန်း၊ ၃ ထပ် အဆောက်အအုံတစ်လုံး၊ ရုပ်ရှင်ခန်း၊ အိမ်ပြင် ရေကူးကန်တို့ ပါဝင်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)