ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အမေရိကန်ပြည်၊ ဖလောရီဒါပြည်နယ်တွင် ဈေးအကြီးဆုံးဖြစ်ခဲ့သော စံအိမ်ကြီးသည် မူလခေါ်ဈေး ကန်ဒေါ်လာ ၈၄ ဒသမ ၅ သန်းမှ ဈေးလျှော့ပေးပြီးနောက် ဝယ်လက်တွေ့သွားပြီ ဖြစ်သည်။
အဆိုပါစံအိမ်ကြီးမှာ အဆောက်အအုံသစ်တစ်ခုဖြစ်ပြီး အကျယ်အဝန်း စတုရန်းပေ ၃၅၀၀၀ ခန့်ရှိကာ နောက်ဆုံးဈေးကွက်တင်ခဲ့သည်မှာ ကန်ဒေါ်လာ ၅၉ ဒသမ ၉ သန်း ဖြစ်သည်။
တည်နေရာမှာ ဖလော်ရီဒါပြည်နယ်၊ ပန်ဘိခ်ျတွင် တည်ရှိပြီး ပင်လယ်ကမ်းခြေစံအိမ်ကြီး ဖြစ်ကာ တချိန်က ပန်ဘိခ်ျ၏ ဈေးအကြီးဆုံးစံအိမ်ကြီး ဖြစ်ခဲ့သည်။
၂၀၁၆ ခုနှစ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အဆောက်အအုံတွင် လူနေထိုင်ဖူးခြင်း မရှိသေးချေ။
Douglas Elliman က ပြီးခဲ့သော ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလအတွင်း ကန်ဒေါ်လာ ၅၉ ဒသမ ၉ သန်းဖြင့် နောက်ဆုံး ဈေးကွက်တင်ပေးခဲ့ဖူးသည်။
ပြီးခဲ့သော ဇွန်လ ၃ ရက်တွင် ဈေးကွက်အရောင်းတင်ထားမှု အခြေအနေဖော်ပြချက်တွင် “ဈေးကွက်ရောင်းချမှု ဆိုင်းငံ့ (သို့မဟုတ်) အရောင်းအဝယ် စာချုပ်ချုပ်ပြီးဖြစ်” အဖြစ် ဖော်ပြထားသည်ကို တွေ့ရသည်။
Douglas Elliman မှ ဈေးကွက်တင်ပေးသည့် အကျိုးဆောင်များဖြစ်သော အက်ရှ်လေ မက်ခ်အင်တော့ရှ်၊ ဂယ်ရီ ပိုရာနှင့် ဗင့်စ် စပါဒီးတို့ကမူ ရောင်းချသူ၊ ဝယ်လက်တို့နှင့် စပ်လျဉ်းသည့်အချက်အလက်များ ထုတ်ဖော်ပြောကြားရန် ငြင်းဆန်ထားသည်။
အဆိုပါစံအိမ်ကြီးသည် ၂၀၁၇ ခုနှစ်၊ မတ်လအတွင်းက ကန်ဒေါ်လာ ၈၄ ဒသမ ၅ သန်းဖြင့် အရောင်းဈေးကွက်သို့ ပထမဆုံး အကြိမ် စတင်ဝင်ရောက်လာခဲ့ပြီး ပန်ဘိခ်ျတွင် ဈေးအကြီးဆုံးစံအိမ်အဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ယင်းနောက်တွင် ကန်ဒေါ်လာ သန်း ၇၀ ၊ ထိုမှတဆင့် ယခုနှစ်အတွင်း ကန်ဒေါ်လာ ၆၅ သန်း အစရှိသဖြင့် အသီးသီး ဈေးနှုန်းလျှော့ချပေးခဲ့ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
PropertyShark မှ မှတ်တမ်းများအရ ယခုရောင်းချသူသည် အဆိုပါနေအိမ်ကို ၂၀၁၁ ခုနှစ်အတွင်း ကန်ဒေါ်လာ ၁၂ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဖော်ပြထားရာ ယခုအရောင်းအဝယ်တွင် များစွာ အမြတ်စွန်းရရှိသွားဖွယ်ရှိသည်ဟု ခန့်မှန်းရသည်။
ပန်ဘိခ်ျ၏ မြောက်ဘက်စွန်းတွင် တစ်ခုတည်းသော ကမ်းခြေစံအိမ်ကြီးဖြစ်ပြီး မြေအကျယ်အဝန်း ၁ ဒသမ ၇၇ ဧကရှိကာ ပင်လယ်မျက်နှာစာမှာ ၂၄၂ ပေ ပိုင်ဆိုင်ထားသည်။
ဟုခ်ျ ဒေးဗစ်က ပြင်သစ် နော်မန်ဒီ ဗိသုကာဟန်ဖြင့် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း (အပြည့်) ၇ ခန်း၊ ရေချိုးခန်း (တစ်ဝက်) ၉ ခန်း၊ ဧည့်ဂေဟာခန်း ၂ ခန်း၊ ကား ၈ စင်းဆန့် ကားဂိုဒေါင်တို့ ပါဝင်ကြောင်း Douglas Elliman က ဈေးကွက်တင်ခဲ့သည့် အချက်အလက်များတွင် ဖော်ပြသည်။
ဖျော်ဖြေရေးနေရာများအနေဖြင့် စာကြည့်တိုက်တစ်ခု၊ အိမ်တွင်း ရုပ်ရှင်ရုံ၊ ဝိုင်သိုလှောင်ခန်း၊ အားကစားခန်းမနှင့် ဆံသဆိုင်တစ်ခုတို့ ပါဝင်သည်။ နေအိမ်ပြင်ပတွင် လေသာဆောင်၊ နွေရာသီ မီးဖို၊ ကြီးမားလှသော ရေကူးကန်ကြီးနှင့် spa တို့ ပါဝင်သေးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)