ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ရက်ဇ် တီလာဆန်သည် ဘေ့စ်ဘောကြယ်ပွင့်ဟောင်း ဗာနွန်ဝဲလ်၏ တက္ကဆပ်ပြည်နယ်ရှိ စံအိမ်ကို ဝယ်ယူလိုက်ကြောင်း နယူးယောက်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ယခုအရောင်းအဝယ်ဖြစ်ခဲ့သည့် ဈေးနှုန်းမှာ တားရန့်ခရိုင်အတွင်းတွင် အမြင့်မားဆုံးအဖြစ် စံချိန်တင်သွားသည်ဟု ဆိုသည်။
ရက်ဇ်တေလာဆန်သည် Exxon ၏ အမှုဆောင်အရာရှိချုပ်လည်း ဖြစ်သည်။
အိမ်ခြံမြေမှတ်တမ်းများအရ မစ္စတာ ရက်ဇ်တေလာဆန်နှင့် ဇနီး ရန်ဒါတို့သည် Westlake အရပ်ရှိ အဆိုပါစံအိမ်ကို ယခုလအစောပိုင်းတွင် အိမ်ခြံမြေ ကုမ္ပဏီတစ်ခုမှတဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
အသက် ၆၇ နှစ်ရှိနေပြီဖြစ်သော မစ္စတာ တေလာဆန်သည် ၂၀၁၈ ခုနှစ်၊ မတ်လတွင် ဒေါ်နယ်ထရမ့် အစိုးရလက်အောက်တွင် နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်မထမ်းဆောင်မီက Exxon Mobil ၏ အမှုဆောင်အရာရှိချုပ်အဖြစ် ၁၁ နှစ်ခန့် တာဝန်ထမ်းဆောင် နေခဲ့သူတစ်ဦး ဖြစ်သည်။
တက္ကဆပ်ပြည်နယ်၏ သတင်းအချက်အလက် ဖွင့်ချမှု တားမြစ်သည့်ဥပဒေအရ ဈေးကွက်တင်ပေးခဲ့သည့် အိမ်ခြံမြေ အကျိုးဆောင် အလစ်စီယာ ခမီလျူစကီးက ဈေးနှုန်းအပါအဝင် အရောင်းအဝယ်ဖြစ်သွားသည့် အချက်အလက်များကို ထုတ်ဖော်ပြောပြခွင့် မရှိခဲ့ချေ။
အဆိုပါနေအိမ်ကို ၂၀၁၈ ခုနှစ်အတွင်း အရောင်းဈေးကွက်တင်ခဲ့စဉ်က ခေါ်ဈေးမှာမူ ကန်ဒေါ်လာ ၈ ဒသမ ၅ သန်း ဖြစ်သည်။
ယခု အရောင်းအဝယ်ဖြစ်ခဲ့သည့်နေအိမ်မှာ လွန်ခဲ့သော ၁၀ နှစ်တာ ကာလတစ်လျှောက်အတွင်း အမြင့်မားဆုံး ဈေးနှုန်းဖြစ်ကြောင်းကိုမူ ခမီလျူစကီးက ပြောကြားသည်။
Redfin မှ ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၁၇ ခုနှစ်အတွင်း North Pearson Lane တွင် အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်းပါနေအိမ်ကို ကန်ဒေါ်လာ ၅ ဒသမ ၂၅ သန်းဖြင့် ရောင်းချခဲ့မှုမှာ ဒေသတွင်းတွင် အမြင့်မားဆုံးအဖြစ် စံချိန်တင်ထားသည်ဟု ဆိုသည်။
ယခုအရောင်းအဝယ်ဖြစ်ခဲ့သည့်နေအိမ်မှာ Westlake အရပ်မှ နာမည်ကျော် Vaquero Club ဝန်းအတွင်း တည်ရှိပြီး ခြံဝန်းအကျယ်မှာ ၂ ဧကခန့်ရှိသည်။
ဘေ့စ်ဘောကြယ်ပွင့် ဗာနွန်ဝဲလ်က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ ခုနှစ်တွင် ဆောက်လုပ်ပြီးစီးခဲ့သည်။
နေအိမ်အကျယ်အဝန်းမှာ စတုရန်းပေ ၁၆၂၃၈ ရှိသည်။
နေအိမ်ကို မြေထဲပင်လယ် ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားခြင်းဖြစ်ပြီး အပန်းဖြေစခန်းအသွင် spa နေရာ၊ ဂိမ်းကစားခန်း၊ မီဒီယာခန်းမ၊ ဝိုင်သိုလှောင်ခန်း၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ဇကာများဖြင့် အလုံကာရံပေးထားသော အိမ်တွင်း ဘေ့စ်ဘောကစားခန်းတို့ ပါဝင်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)