ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါပြည်နယ်တွင် နေအိမ်ဝယ်ယူလိုသူတစ်ဦးသည် လေလံပွဲတစ်ခု၌ နေအိမ်လေလံတင် ရောင်းချသည်ထင်မှတ်ပြီး ၁ ပေ အကျယ်သာရှိသည့် မြက်ခင်းနေရာကို ဒေါ်လာ ၉၁၀၀ ပေးကာ ဝယ်ယူခဲ့မိသည့် ဖြစ်ရပ်ဖြစ်ပွားခဲ့ကြောင်း အင်္ဂလန်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ကာဗီးလ် ဟိုးလ်နက်စ်ဆိုသူက လေလံအောင်ပြီးချိန်တွင် ယူဆခဲ့သည်မှာ ကန်ဒေါ်လာ ၁၇၀၀၀၀ ကျော် တန်ကြေးရှိသော ဘန်ဂလိုအိမ်ကို ဒေါ်လာ ၉၀၀၀ ကျော်မျှဖြင့် ဝယ်ယူနိုင်ခဲ့သည်ဟု မှတ်ထင်ခဲ့သည်။
သို့ရာတွင် သူအမှန်တကယ်ဝယ်ယူရရှိခဲ့သည်မှာ မြက်ခင်းတစ်လိုင်းသာဖြစ်နေသည်။
နေအိမ်ခန်း ၂ ခုအကြားရှိ ၁ ပေ× ပေ ၁၀၀ ရှည်လျားသည့် မြက်ခင်းကိုသာ ဝယ်ယူမိခဲ့ခြင်းဖြစ်ပြီး ကာဗီးလ်ဟိုးလ်နက်စ်က မှတ်ထင်ခဲ့သည်မှာ နေအိမ်ခန်းတစ်ခုခုကို ဝယ်ယူရရှိခဲ့သည်ဟု ထင်ခဲ့ခြင်း ဖြစ်သည်။
တည်နေရာမှာ ဖလော်ရီဒါပြည်နယ်၊ တာမာရက်ခ်မြို့တွင်ဖြစ်ပြီး ဝယ်ယူခဲ့သော မြက်ခင်းနေရာ၏တန်ဖိုးမှာ ကန်ဒေါ်လာ ၅၀ သာ တန်ကြေးရှိသည်ဟု ဆိုသည်။
မစ္စတာ ဟိုးလ်နက်စ်က အရောင်းအဝယ်ကို ဖျက်သိမ်းကာ ငွေပြန်ပေးပါရန် ဘရိုဝါ့ဒ်ခရိုင် အုပ်ချုပ်ရေးအဖွဲ့ကို တောင်းဆိုခဲ့သော်လည်း ပြည်နယ်ဥပဒေက ငွေပြန်အမ်းရန် ခွင့်ပြုမထားကြောင်း အရာရှိများက ပြောကြားခဲ့သည်။
မြက်ခင်းဝဲယာတွင် တည်ရှိသည့်နေအိမ်များမှာ အိမ်ခြံမြေအခွန်မဆောင်သောကြောင့် ပြည်နယ်အစိုးရက လေလံတင်ရောင်းချစေခဲ့ခြင်း ဖြစ်သည်။
“ဒါက လှည့်ဖျားခံရတာပါပဲ။ မြက်ခင်းကိုပဲ ရောင်းချတာဖြစ်တယ်လို့ ဘောင်ခတ်နယ်နိမိတ်ပြ ဖော်ပြတာမျိုးမရှိခဲ့ဘူး။”ဟု မစ္စတာ ဟိုးလ်နက်စ်က ပြောကြားသည်။
“ကျွန်တော်သာ လက်စားချေတတ်တဲ့သူတစ်ယောက်ဆိုရင်တော့ ဝယ်လိုက်တဲ့ ပိုင်နက်အပြည့်အဝရအောင် အဆောက်အအုံ နံရံတွေ ဖျက်ခိုင်းလို့ ရပါတယ်။ ဒါပေမယ့် ဒါက ကျွန်တော့်အတွက် ဘာအသုံးဝင်လာမှာမို့လဲ”လေလံပွဲတွင် ရာဖြတ်က ဘန်ဂလိုအဆောက်အအုံကို လေလံပစ္စည်းသဖွယ်ပြသပြီး လေလံတင်ခဲ့သောကြောင့် ဝင်ရောက်လေလံဆွဲခဲ့ ခြင်းဖြစ်ကြောင်း မစ္စတာ ဟိုးလ်နက်စ်က ပြောကြားသည်။
သို့ရာတွင် ရာဖြတ်၏ ဝက်ဘ်ဆိုက်နှင့် ခရိုင်အကောက်ခွန်ဌာနတို့၏ ဝက်ဘ်ဆိုက်များတွင် ဖော်ပြချက်များအရမူ လေလံတင်မည့် မြေနေရာမှာ စတုရန်းပေ ၁၀၀ သာရှိပြီး အကျယ်အားဖြင့် ၁ ပေသာရှိကြောင်း ဖော်ပြထားသည်ဟု ဆိုသည်။
နေအိမ်ဆောက်လုပ်ခဲ့သည့် developer က အဆိုပါမြက်ခင်းနေရာကို ကပ်လျက်အဆောက်အအုံများအား အဘယ်ကြောင့် ပိုင်ဆိုင်မှု မပေးခဲ့သည်ကိုမူ ပြည်နယ်အရာရှိများလည်း မသိကြချေ။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)