ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အာရပ်စော်ဘွားများ ပြည်ထောင်စုမှ ဒူဘိုင်းသည် ရေရှည်နေထိုင်ခွင့် ဗီဇာများ ပေးအပ်ခြင်းဖြင့် ချမ်းသာကြွယ်ဝသော တရုတ်လူမျိုးများ ကို ဆွဲဆောင်ကာ ကျဆင်းနေသော အိမ်ခြံမြေဈေးကွက်ကို မြှင့်တင်နိုင်ရန် ကြိုးစားလာသည်။
အနည်းဆုံး အာရပ်ငွေ ၅ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၃၆ သန်း) တန်ဖိုးရှိသည့် အိမ်ခြံမြေဝယ်ယူသူများကို ၁၀ နှစ်နှင့်အထက် ဗီဇာ ထုတ်ပေးမည်ဟု ကမ်းလှမ်းလာခြင်း ဖြစ်သည်။
ဒူဘိုင်းအိမ်ခြံမြေဈေးကွက် ကျဆင်းနေသည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ပြီး အိမ်ခြံမြေဈေးနှုန်းများမှာ ၁၃ ဒသမ ၂ ရာခိုင်နှုန်းအထိ ကျဆင်းနေသည်မှာ တစ်နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
အာရပ်စော်ဘွားများပြည်ထောင်စုတွင် ဒုတိယအကြီးမားဆုံး မြို့ပြနိုင်ငံဖြစ်သော ဒူဘိုင်းသည် ၅ နှစ်မှ ၁၀ နှစ်အကြားသက်တမ်းရှိ ဗီဇာများ မကြာသေးမီကာလမှ စတင်ကာ ထုတ်ပေးလာနေသည်။
အလုပ်သမားများနှင့် ပညာရှင်ဝန်ထမ်းများအတွက် ထုတ်ပေးသော ဗီဇာမှာ ၃ နှစ်နှင့် အထက်ဖြစ်သည်။
ပြီးခဲ့သောနှစ်အတွင်းကလည်း အသက် ၅၅ နှစ်နှင့်အထက်ရှိသူများကို ၅ နှစ် အနားယူခြင်းဗီဇာ (retirement visas) များ ထုတ်ပေးမည် ဖြစ်ကြောင်း ကြေညာခဲ့ဖူးသည်။
ယခုထုတ်ပေးသော ဗီဇာစည်းမျဉ်းအရ ဒူဘိုင်းအိမ်ခြံမြေကဏ္ဍတွင် အနည်းဆုံး အာရပ်ငွေ ၅ သန်း (ကန်ဒေါ်လာ ၁ ဒသမ ၃၆ သန်း) ရင်းနှီးမြှုပ်နှံကာ လစဉ်ဝင်ငွေ အာရပ်ငွေ ၂၀၀၀၀ ရှိသူ (သို့မဟုတ်) အာရပ်ငွေ ၁ သန်းနှင့်အထက် အရင်းအနှီးရှိသူများကို ရေရှည်ဗီဇာ ထုတ်ပေးမည် ဖြစ်သည်။
ဒူဘိုင်းမြေယာဌာနသည် တရုတ်ရင်းနှီးမြှုပ်နှံသူများမှ အိမ်ခြံမြေများ ပိုမိုဝယ်ယူလာကြရေး ဆွဲဆောင်နိုင်ရန် ကြိုးပမ်းနေပြီး ယခုနှစ်အတွင်း အနည်းဆုံး အာရပ်ငွေ ၁ ဘီလီယံဖိုးခန့် ရင်းနှီးမြှုပ်နှံမှုများ ရရှိနိုင်ရန် ရည်မှန်းထားသည်။
ဒူဘိုင်းအစိုးရသည် လွန်ခဲ့သော ၂ နှစ်တာကာလအတွင်း ပေကျင်းနှင့် ရှန်ဟိုင်းတို့တွင် ရုံးခန်း ၂ ခု ဖွင့်လှစ်ခဲ့ပြီး ရှန်ကျန်းနှင့် အခြားသော ပြည်မကြီးရှိ မြို့ကြီးပြကြီးများတွင် ရုံးများ ဆက်လက်ဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း အဘူဒါဘီအခြေစိုက် The National သတင်းစာက ဖော်ပြသည်။
“တရုတ် ရင်းနှီးမြှုပ်နှံသူတွေဟာ အိမ်ခြံမြေဈေးကွက်မှာ ကြီးထွားလာနေတဲ့ အခန်းကဏ္ဍရှိနေပါတယ်။ နာမည်ကျော် developer ကြီးတွေဟာ လက်ရှိအားဖြင့် ဒီကဏ္ဍကို ပစ်မှတ်ထားနေပြီး တရုတ်ပြည်မှာ အိမ်ခြံမြေပြပွဲလုပ်တာတွေ၊ တရုတ်အိမ်ခြံမြေ အကျိုးဆောင်တွေနဲ့ ဆက်ဆံရေးတည်ဆောက်တာတွေက တဆင့်ကြိုးပမ်းလာနေကြတယ်”ဟု JLL ၏ အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကဆိုင်ရာ သုတေသနဌာန အကြီးအကဲ ကရစ်ဂ်ျ ပလမ့်ဘ်က ပြောကြားသည်။
အာရပ်စော်ဘွားများပြည်ထောင်စု၏ အကောက်ခွန်မဲ့ မူဝါဒကလည်း ချမ်းသာကြွယ်ဝသူများကို ဒူဘိုင်းတွင် အိမ်ခြံမြေများ ဝယ်ယူလာစေမည့် မက်လုံးတစ်ရပ်လည်း ဖြစ်နေသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)