ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မန္တလေးတိုင်း ရှိ မြနန်းစံကျော်ရွှေနန်းတော်အနီးတစ်ဝိုက် နေရာနှင့် ရှေးဟောင်းဗိသုကာ လက်ရာများရှိသည့် အင်းဝမြို့ဟောင်းနေရာကို ခရီးသွားဇုန်အသစ်များအဖြစ် ဖော်ဆောင်ရန် စိတ်ဝင်စားမှု အဆိုပြုလွှာ (EOI) ခေါ်ယူမည်ဖြစ်ကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။
ခရီးသွားဇုန်သစ်များ ဖော်ဆောင်ရာတွင် မန္တလေးတောင်၊ မြနန်းစံကျော်ရွှေနန်းတော်၊ ရွှေ နန်းတော်ကျောင်း၊ ကုသိုလ်တော် ဘုရား၊ စန္ဒာမုနိဘုရား၊ အတုမရှိ ကျောင်း အစရှိသည့် နေရာတစ်ဝိုက်ကို သမိုင်းဝင်နေရာများအဖြစ် လေ့လာနိုင်မည့် ခရီးသွားဇုန် ဖော်ဆောင်မည်ဟု ၎င်းက ပြောသည်။
ထို့အတူ မင်းနေပြည်တော်အဖြစ် နှစ်ကြိမ်တိုင်တည်ရှိခဲ့သည့် အင်းဝမြို့ဟောင်းနေရာ၌ ရှေးဟောင်းဘုရားများ၊ ဗားကရာ ကျောင်း၊ မြို့ရိုးကျောင်း၊ ဘုရားသုံးဆူ၊ ဘုရားကိုးဆူနှင့် မယ်နုအုတ်ကျောင်း စသည့်နေရာများ ပါဝင်သော ဧရိယာကို ရှေးဟောင်းဗိသုကာလက်ရာများ လေ့လာနိုင်မည့် ခရီးသွားဇုန်အဖြစ် ဖော်ဆောင်မည်ဖြစ်သည်။
‘‘မန္တလေး နဲ့ အင်းဝက နေရာနယ်မြေနှစ်ခုကို ခရီးသွားဇုန်အဖြစ် သီးသန့်ခွဲထုတ်မယ်။ အဲဒီအတွက် EOI ခေါ်မှာဖြစ်ပါတယ်။ ဥပမာ အင်းဝဒေသဆိုရင် သွားတဲ့လာတဲ့ လမ်းကအစ၊ နားနေခန်းတွေကအစ လုပ်ပေးနိုင်မလား၊ ဘယ်လောက်ရင်းနှီးမြှုပ်နှံမှုလုပ်မလဲဆိုတာမျိုး အဆိုပြုချက်ခေါ်မှာပေါ့။ ပြီးတော့မှ တောင်းတဲ့ အချက်တွေ လုပ်ပေးနိုင်မယ့် လုပ်ငန်းရှင်တွေကို တင်ဒါပေးလိုက်မှာ ဖြစ်ပါတယ်’’ဟု ဦးမြတ်သူက ပြောသည်။
မန္တလေးတိုင်း အစိုးရအဖွဲ့ အနေဖြင့် အဆိုပါ ခရီးသွားဇုန်နှစ်ခုအတွက် စိတ်ဝင်စားမှုအဆို ပြုလွှာခေါ်ယူခြင်းကို နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ဇွန်လ မကုန်မီ ကြေညာမည်ဖြစ်ပြီး စိတ်ဝင်စား၍ လျှောက်ထားမည့် လုပ်ငန်းရှင်များကို သတ်မှတ်ချက်များနှင့် ကိုက်ညီလျှင် ကနဦးလုပ်ကိုင်ခွင့်အဖြစ် ငါးနှစ်တင်ဒါပေးမည် ဖြစ်ကာ ခရီးသွားဧည့်သည်များ သဘောကျနှစ်သက်သည်ဆိုပါက သက်တမ်းတိုးခွင့်ပေးမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
လက်ရှိတွင် မန္တလေးသို့ လာရောက်လည်ပတ်သော နိုင်ငံခြားသား ခရီးသွားဧည့်သည်များ က ဇုန်ဝင်ကြေး ကျပ်နှစ်သောင်းခွဲ ပေးလျှင် မန္တလေးမြို့နှင့် အင်းဝ ဒေသရှိ နေရာအားလုံးကို လည်ပတ်ခွင့်ရှိသော်လည်း နေရာအသစ်များ သတ်မှတ်ပြီးပါက ခရီးသွားများအတွက်ဝန်ဆောင်မှုများပေးမည့်အပြင် ယင်းနေရာများသို့သွားရောက်လည်ပတ်မှုများအတွက် ဇုန်ဝင်ကြေး ထပ်မံပေးရမည်ဖြစ်ကြောင်း ဦးမြတ်သူက ပြောသည်။
Credit: 7Daydaily