ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မလေးရှားနိုင်ငံတွင် အင်ဂျင်နီယာ၊ ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေကဏ္ဍ အွန်လိုင်းမှ အလုပ်ခေါ်ယူမှုများ စံချိန်တင်ကျဆင်းခဲ့ကြောင်း Monster အလုပ်အကိုင်ညွှန်းကိန်း (MEI) ၏ အချက်အလက်များတွင် ဖော်ပြသည်။
MEI သည် အွန်လိုင်းအလုပ်အကိုင် လှုပ်ရှားမှုများကို လစဉ်မှတ်တမ်းတင်မှုတစ်ရပ်ဖြစ်ပြီး Monster.com က ပြုလုပ်ပေးခြင်း ဖြစ်သည်။
လုပ်ငန်းနယ်ပယ်အသီးသီး၏ အလုပ်အကိုင်များအတွက် ပြည်တွင်းအလုပ်အကိုင်ခေါ်ယူရေးလှုပ်ရှားမှုများ လစဉ် အမြင့်ဆုံးနှင့် အနိမ့်ဆုံး ပမာဏများကို ပြသမှတ်တမ်းတင်ထားသည့် ညွှန်းကိန်းလည်း ဖြစ်သည်။
MEI က နောက်ဆုံးထုတ်ပြန်လိုက်သည့် သတင်းတစ်ရပ်အရ လွန်ခဲ့သော တစ်နှစ်ခန့်နှင့် နှိုင်းယှဉ်လျှင် အင်ဂျင်နီယာ၊ ဆောက်လုပ်ရေး နှင့် အိမ်ခြံမြေကဏ္ဍများအတွက် အွန်လိုင်းမှ အလုပ်အကိုင်ခေါ်ယူမှုများ ၉ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ဆိုသည်။
အလုပ်အကိုင်ရှိသူ ပမာဏတွင်လည်း အင်ဂျင်နီယာနှင့် အိမ်ခြံမြေလုပ်ငန်းကဏ္ဍများတွင် ၆ ရာခိုင်နှုန်း ကျဆင်းသွားသည်။
မလေးရှား၏ နယ်ပယ်စုံ အွန်လိုင်း အလုပ်ခေါ်ယူမှုမှာမူ ညွှန်းကိန်းက စောင့်ကြည့်သည့် လုပ်ငန်းကဏ္ဍ ၉ ခုအနက် ၈ ခုတွင် ၇ ရာခိုင်နှုန်း မြင့်တက်လာသည်ဟု ဆိုသည်။
ထင်ရှားသည်မှာ လက်လီအရောင်းလုပ်ငန်းနယ်ဖြစ်ပြီး အွန်လိုင်းမှ အလုပ်ခေါ်ယူမှု ၂ လဆက်တိုက် မြင့်တက်နေပြီး နှစ်အလိုက်နှိုင်းယှဉ်လျှင် ၂၆ ရာခိုင်နှုန်းအထိ မြင့်တက်လာသည်။
သို့ရာတွင် ၂၀၁၉ ခုနှစ်၊ မတ်လမှ ဧပြီလအကြားတွင် အနည်းငယ်ကျဆင်းသွားပြီး ၂ ရာခိုင်နှုန်းလျော့ကျသွားသည်ဟု ဆိုသည်။
အိုင်တီနှင့် တယ်လီဖုန်းဆက်သွယ်ရေးကဏ္ဍများအတွက် အွန်လိုင်းအလုပ်ခေါ်ယူမှုများမှာမူ နှစ်အလိုက် အမြင့်မားဆုံး ဖြစ်ခဲ့ပြီး ၄၃ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့သည်။
ရေရှည်ဖွံ့ဖြိုးမှုအလားအလာကောင်းနေသော အခြားကဏ္ဍတစ်ခုမှာ ရေနံနှင့် သဘာဝဓာတ်ငွေ့ဖြစ်ပြီး နှစ်အလိုက်တိုးတက်မှု ၁၆ ရာခိုင်နှုန်း ရှိသည်။
ညွန်းကိန်းက စောင့်ကြည့်သော လုပ်ငန်းနယ်ပယ် ၉ ခုတွင် ၆ ခုမှာ နှစ်အလိုက်တိုးတက်မှုများ ရှိခဲ့သည်။
ဆော့ဖ်ဝဲ၊ ဟာ့ဒ်ဝဲနှင့် တယ်လီကွန်ကဏ္ဍ ပညာရှင်များ ခေါ်ယူမှုမှာ ၄၁ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)