ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ကမ္ဘာကျော် General Electric ကုမ္ပဏီကြီး၏ အမှုဆောင်အရာရှိချုပ်ဟောင်း ဂျက်ခ် ဝဲ့ရှ်သည် နယူးယောက်မြို့ ရှိ ၅၅ ထပ်မြင့်မားသော One Beacon Court မိုးမျှော်တိုက်ကြီးမှ ၄၆ ထပ်ရှိ သူ၏ ကွန်ဒိုခန်းကို ၃၄ ရာခိုင်နှုန်းအထိ ဈေးလျှော့ကာ ရောင်းချလိုက်ကြောင်း နယူးယောက်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တည်နေရာမှာ နယူးယောက်မြို့၊ အရှေ့ ၅၈ လမ်း၊ အမှတ် ၁၅၁ ရှိ နာမည်ကျော် One Beacon Court မိုးမျှော်တိုက်ကြီးတွင် ဖြစ်သည်။
ဂျက်ခ် ဝဲ့ရှ်က သူ၏ ကွန်ဒိုခန်းကို ကန်ဒေါ်လာ ၁၇ သန်းဖြင့် ရောင်းချလိုက်ခြင်းဖြစ်ကြောင်း နယူးယောက်အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
၄၆ ထပ်ရှိ အဆိုပါ ကွန်ဒိုခန်းသည် လွန်ခဲ့သောနှစ်အတွင်း ပထမဆုံး အရောင်းဈေးကွက်ဝင်ခဲ့ပြီး ထိုစဉ်က ခေါ်ဈေးမှာ ကန်ဒေါ်လာ ၂၅ ဒသမ ၉ သန်းဖြစ်သည်။
ထို့နောက် ရောင်းမထွက်ဘဲရှိနေသောကြောင့် မူလခေါ်ဈေးအောက် ၃၄ ရာခိုင်နှုန်းအထိ လျှော့ချပေးလိုက်ခြင်းလည်း ဖြစ်သည်။
ဂျက်ခ် ဝဲ့ရှ်သည် အဆိုပါအခန်းကို ရောင်းချပြီးနောက် ပဉ္စမရိပ်သာလမ်း၊ အမှတ် ၈၃၄ ရှိ အခန်းတစ်ခန်းကို ကန်ဒေါ်လာ ၁၈ ဒသမ ၇၅ သန်းဖြင့် ဝယ်ယူလိုက်သည်ဟုဆိုသည်။
One Beacon Court မိုးမျှော်တိုက်ကြီး၏ အခန်းများကို ၂၀၀၅ ခုနှစ်တွင် စတင်ရောင်းချစဉ်က ဝယ်လက်များစွာ စိတ်ဝင်စားခဲ့ကြသည်။
ဂျက်ခ် ဝဲ့ရှ် နောက်ထပ်ဝယ်ယူလိုက်သော အဆောက်အအုံတွင်မူ ဘီယွန်းစေးနျင့် စတိဗ်ကိုဟင်ကဲ့သို့ အကျော်အမော်များက နေအိမ်ခန်းများ ဝယ်ယူခဲ့ဖူးသည်။ ယခင်က ဇိမ်ခံကွန်ဒိုသစ် အဆောက်အအုံများ များများစားစား မရှိခဲ့။
ယခု ၅၄ ထပ် အဆောက်အအုံကြီး တည်ရှိရာနေရာသည် ယခင်က ကုန်စုံဆိုင်နေရာဖြစ်ခဲ့ပြီး လက်ဇင်တန်လမ်းနှင့် တတိယရိပ်သာလမ်းများကြားတွင်တည်ရှိပြီး ယခုအခါတွင် Le Cirque နှင့် Bloomberg တို့ အခြေစိုက်ရာ ဖြစ်လာသည်။
ဂျက်ခ် ဝဲ့ရှ် ရောင်းချလိုက်သော အခန်းသည် စတုရန်းပေ ၅၇၈၂ ကျယ်ဝန်းပြီး အိပ်ခန်း ၄ ခန်း၊ ၁၁ ပေခန့်မြင့်မားသည့် မျက်နှာကြက်များ၊ စားဖိုမှူးအဆင့် ကိုင်တွယ်နိုင်သည့် မီးဖိုဆောင်၊ မော်တာတပ်ဆင်ထားသည့် တံခါးများ ပါဝင်ပြီး Central Park ပန်းခြံကြီးကို တွေ့မြင်ရသည့်မြင်ကွင်းများလည်း ပိုင်ဆိုင်ထားသည်။
နေအိမ်ခန်းနှစ်ခုကို ပေါင်းစည်းထားသည့် အဆိုပါအခန်းကို ဗိသုကာပညာရှင် တိုနီ အင်ဂရာအိုက ဒီဇိုင်းရေးဆွဲ မွမ်းမံပေးခဲ့ခြင်းဖြစ်ပြီး အနက်ရောင်သစ်၊ မဟူရာကျောက်နှင့် စကျင်ကျောက်များ အများအပြား အသုံးပြုကာ မွမ်းမံထားသည်။
ဈေးကွက်တင်ပေးသည်မှာ Corcoran ကုမ္ပဏီမှ အကျိုးဆောင် ဒီဘိုရာ ဂရပ်ဘ်မန်းဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)