ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများ၏ အသေးစားချေးငွေအပေါ် ကောက်ခံသည့်အတိုးနှုန်းကို တစ်လလျှင် ၂ ဒသမ ၃ ရာခိုင်နှုန်း၊ တစ်နှစ်လျှင် ၂၈ ရာခိုင် နှုန်းထက်မပိုရန် သတ်မှတ်လိုက်ကြောင်း အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီမှ ညွှန်ကြားချက်အမှတ် (၁/ ၂၀၁၉) ဖြင့် အသိပေးထုတ်ပြန်ထားသည်။
အသေးစားငွေရေးကြေးရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီသည် အသေးစားငွေရေးကြေးရေးလုပ်ငန်း ဥပဒေပုဒ်မ ၆၈ ပုဒ်မ ခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကို ကျင့်သုံး၍ အဆိုပါညွှန်ကြားချက်ကို ထုတ်ပြန်ခြင်း ဖြစ်သည်။ အသေးစားငွေရေးကြေးရေး အဖွဲ့များသည် အသင်းဝင်များ၏ ချေးငွေ၊ စုဆောင်းငွေတို့နှင့်စပ်လျဉ်း၍ အတိုးနှုန်းတွက်ချက်ရာတွင် အသေးစားငွေရေးကြေးရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်အတိုင်း လိုက်နာမည်ဖြစ်သည်။
ချေးငွေအပေါ်ကောက်ခံရမည့်အတိုးနှုန်းများမှာ အသေးစားချေးငွေအပေါ်ကောက်ခံသည့် အတိုးနှုန်းသည် ကျပ် ၁၀၀ အတွက် တစ်လလျှင် ၂ ကျပ် ၃၀ ပြား (၂ ဒသမ ၃ ရာခိုင်နှုန်း)၊ တစ်နှစ်လျှင် ၂၈ ရာခိုင်နှုန်းထက် မပိုရန်နှင့် ချေးငွေအပေါ် အတိုးနှုန်းတွက်ချက်ရာတွင် သက်ရောက်အတိုးနှုန်း (Effective Rate) ဖြင့် တွက်ချက်ကောက်ခံရမည် ဖြစ်သည်။
စုဆောင်းငွေအပေါ်ပေးရမည့် အတိုးနှုန်းမှာ မဖြစ်မနေစုဆောင်းငွေ (Compulsory Saving) အပေါ်တွင်ပေးသည့် အတိုးနှုန်းသည် ကျပ် ၁၀၀ အတွက် တစ်လလျှင် ၁ ကျပ် ၂၀ ပြား (၁ ဒသမ ၂ ရာခိုင်နှုန်း)၊ တစ်နှစ်လျှင် ၁၄ ရာခိုင်နှုန်းထက်မနည်းစေရန် နှင့် ဆန္ဒအလျာက်စုဆောင်းငွေ (Voluntary Saving) အပေါ်တွင်ပေးသည့် အတိုးနှုန်း သည် ကျပ် ၁၀၀ အတွက် တစ်လျှင် ၈၀ ပြား (၀ ဒသမ ၈ ရာခိုင်နှုန်း)၊ တစ်နှစ်လျှင် ၁၀ ရာခိုင်နှုန်းထက်မနည်းရန် သတ်မှတ်ထား သည်။
အသေးစားငွေရေးကြေးရေး အဖွဲ့အစည်းများသည် အခြားကောက်ခံသော အခကြေးငွေ (Fee) များဖြစ်သည့် ချေးငွေဝန်ဆောင်မှုစရိတ်၊ ဘဏ်ဝန်ဆောင်မှုစရိတ်၊ ဒဏ်ကြေးများ၊ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှု (Digital Financial Service) အတွက် ကောက်ခံသည့်ဝန်ဆောင်ခ၊ လူမှုရေးထောက်ပံ့ငွေအတွက် ထည့်ဝင်ကြေး (Social Welfare Fee) ၊ အသက်အာမခံကြေး၊ အသင်းဝင်ကြေး၊ စာအုပ်နှင့် စာရွက်စာတမ်းကြေး၊ သတ်မှတ်ချိန်ထက်စော၍ ပြန်လည်ပေးဆပ်မှုအတွက် ကောက်ခံသည့် ဝန်ဆောင်ခစသည်တို့နှင့်ပတ်သက်၍ သတ်မှတ်ထားသည့်အတိုင်း ဆောင်ရွက်ရမည် ဖြစ်သည်။
အဆိုပါသတ်မှတ်ချက်များမှာ အခြားကောက်ခံသော အခကြေးငွေစုစုပေါင်းသည် ချေးငွေထုတ်ချေးသည့်ကာလ ၁၂ လအတွက် ချေးငွေပမာဏ၏ နှစ်ရာခိုင်နှုန်းထက်မပိုရန် နှင့် ချေးငွေထုတ်ချေးသည့်ကာလ ၁၂ လ အောက်နှင့် ၁၂ လအထက်ချေးငွေများအတွက် အခြားကောက်ခံသော အခကြေးငွေ စုစုပေါင်းသည် တစ်နှစ်လျှင် ချေးငွေပမာဏ ၏ နှစ်ရာခိုင်နှုန်းအပေါ်အခြေခံ၍ ချေးငွေ ကာလအလိုက် တွက်ချက်ကောက်ခံရမည် ဖြစ်သည်။
အခြားကောက်ခံသည့် အခကြေးငွေ (Fee) တွက်ချက်ကောက်ခံပုံမှာ ချေးငွေကာလ ခြောက်လအတွက် ချေးငွေပမာဏ၏ တစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်အတွက် ချေးငွေပမာဏ၏ နှစ်ရာခိုင်နှုန်း၊ ချေးငွေကာလ တစ်နှစ်ခြောက်လအတွက် ချေးငွေပမာဏ၏ သုံးရာခိုင်နှုန်း၊ ချေးငွေကာလ နှစ်နှစ်အတွက် ချေးငွေပမာဏ၏ လေးရာခိုင်နှုန်းကောက်ခံနိုင်မည် ဖြစ်သည်။
ဤညွှန်ကြားချက်သည် ၂၀၁၉ ခုနှစ် ဇွန် ၁ ရက်မှစ၍ အကျိုးသက်ရောက်မှုရှိမည် ဖြစ်သည်။ အသေးစားငွေရေးကြေးရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ၏ ညွှန်ကြားချက်အ မှတ် (၁/၂၀၁၁)၊ (၂/၂၀၁၄) နှင့် (၄/၂၀၁၆) တွင် သတ်မှတ်ခဲ့သည့် ချေးငွေအပေါ်ကောက်ခံရမည့် အတိုးနှုန်းနှင့် စုဆောင်းငွေအပေါ် ပေးရမည့်အတိုးနှုန်းတို့ကို ဤညွှန်ကြားချက်ဖြင့် ကျော်လွန်လွှမ်းမိုးလိုက်ကြောင်း သိရသည်။
Credit: Eleven Media Group