ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ပြည်တွင်းဘဏ်များက အာမခံအမျိုးအစားအလိုက် ချေးငွေထုတ်ပေးမှုတွင် မြေနှင့် အဆောက်အအုံအတွက် အများဆုံးထုတ်ချေးပေးထားပြီး စုစုပေါင်းချေးငွေ၏ ၇၇ ရာခိုင်နှုန်းကျော်ရှိကာ ကျပ် ၁၅၃၅၇ ဘီလျံကျော် ထုတ်ချေးထားကြောင်း မြန်မာနိုင်ငံတော် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် နှစ်ပတ်လည်အစီရင်ခံစာတွင် ဖော်ပြထားမှုအရ သိရသည်။
ပြည်တွင်းဘဏ်များက အာမခံအမျိုးအစား ကိုးမျိုးဖြင့် ချေးငွေထုတ်ချေးပေးနေခြင်းဖြစ်ပြီး အဆိုပါချေးငွေထုတ်ချေးပေးနေသည့် အာမခံကိုးမျိုးမှာ မြေနှင့်အဆောက်အအုံ၊ ရွှေနှင့်ရွှေထည်ပစ္စည်း၊ စာရင်းသေအပ်ငွေ၊ စက်/ကုန်ပစ္စည်း၊ လူပုဂ္ဂိုလ်/အဖွဲ့အစည်း၊ အထွေထွေ၊ အာမခံမဲ့၊ အိမ်ရာချေးငွေနှင့် SME ကဏ္ဍများဖြစ်သည်။
အိမ်ရာချေးငွေအတွက် ကျပ် ၁၅၃၅၇ ဘီလျံကျော်ဖြင့် အများဆုံးထုတ်ချေးထားပြီး ဒုတိယအများဆုံးအဖြစ် လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်းများအတွက် ကျပ် ၂၄၇၉ ဘီလျံကျော်အထိ ထုတ်ချေးပေးထားသည်။
ထို့ပြင် ရွှေနှင့် ရွှေထည်ပစ္စည်းအတွက် ကျပ် ၂ ဒသမ ၉ ဘီလျံကျော်၊ စာရင်းသေအပ် ငွေ ကျပ်ဘီလျံ ၄၀ ကျော်၊ စက်/ကုန်ပစ္စည်း အတွက် ကျပ်ဘီလျံ ၄၀ ကျော်၊ အထွေထွေ ကဏ္ဍအတွက် ကျပ် ၇၅၄ ဘီလျံကျော်၊ အာမခံမဲ့ချေးငွေ ကျပ် ၁၀၂၄ ဘီလျံကျော်၊ အိမ်ရာ ချေးငွေ ကျပ် ၃၅ ဘီလျံကျော်နှင့် SME ချေးငွေအတွက် ကျပ် ၃၁ ဘီလျံကျော် ထုတ်ချေး ပေးထားကြောင်း သိရသည်။
ထို့အတူ ဘဏ်များအနေဖြင့် စိုက်ပျိုးရေး/မွေးမြူရေး၊ ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ သယ်ယူပို့ဆောင်ရေး၊ ဆောက်လုပ်ရေး၊ ဝန်ဆောင်မှု၊ အိမ်ရာချေးငွေ၊ SME နှင့် အထွေထွေစသည့် စီးပွားရေးကဏ္ဍများအဖြစ် ချေး ငွေထုတ်ပေးမှုအနက် အဆိုပါကိုးမျိုးတွင် ကုန် သွယ်မှုကဏ္ဍအတွက် ကျပ် ၆၄၃၆ ဘီလျံကျော်ဖြင့် အများဆုံးထုတ်ချေးပေးထားသည်။
ထိုသို့ ထုတ်ချေးပေးထားရာတွင် စိုက်ပျိုးမွေးမြူရေးကဏ္ဍအတွက် ကျပ် ၂၉၂၁ ဘီ လျံကျော်၊ ထုတ်လုပ်မှုကဏ္ဍအတွက် ကျပ် ၂၁၆၀ ဘီလျံကျော်၊ သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ကျပ် ၂၇၅ ဘီလျံကျော်၊ ဆောက်လုပ်ရေးကဏ္ဍအတွက် ကျပ် ၂၉၅၈ ဘီလျံ ကျော်၊ ဝန်ဆောင်မှုကဏ္ဍအတွက် ၂၃၀၁ ဘီ လျံကျော်၊ အိမ်ရာချေးငွေကဏ္ဍအတွက် ကျပ် ၃၅ ဘီလျံကျော်၊ SME ကဏ္ဍအတွက် ကျပ် ၂၆ ဘီလျံကျော်နှင့် အထွေထွေကဏ္ဍများအတွက် ကျပ် ၂၆၅၀ ဘီလျံကျော် ထုတ်ချေးပေးထားသည်။
Credit: Eleven Media Group