ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
မြန်မာနိုင်ငံတွင် Simon & Garfunkel ကျေးလက်တေးဂီတအဖွဲ့ကြီးကို လူသိများသည်။
ယခုအခါ Simon & Garfunkel ကို တည်ထောင်သူ ပေါလ် ဆိုင်မွန်က အမေရိကန်ပြည်ထောင်စု၊ ကွန်နက်တီကပ်ပြည်နယ်ရှိ ကျေးလက်စံအိမ်ကြီးကို လွန်ခဲ့သော ၁၇ နှစ်က ဝယ်ခဲ့သည့်ဈေးအောက် ဈေးလျှော့ကာ အရောင်းဈေးကွက်တင်လာသည်။
နေအိမ်တည်နေရာမှာ ကွန်နက်တီကပ်ပြည်နယ်၊ နယူးကာနန် (New Canaan, Conn.,) မြို့ ကလေးတွင် တည်ရှိပြီး ကိုယ်ပိုင် အသံဖမ်း စတူဒီယိုတစ်ခု ပါဝင်သည်။
ခေါ်ဈေးမှာ ကန်ဒေါ်လာ ၁၃ ဒသမ ၉ သန်းဖြစ်ပြီး ၂၀၀၂ ခုနှစ်တွင် ဝယ်ယူခဲ့စဉ်က ပေးခဲ့ရသည့်ဈေးအောက် ၁၆ ရာခိုင်နှုန်း နည်းပါးသည့် ဈေးနှုန်းဖြစ်သည်ဟု ဆိုသည်။
အဆိုပါဒေသတွင်း၏ အိမ်ခြံမြေဈေးကွက် အားပျော့နေပုံကို ယခုဈေးနှုန်းက ပြသနေကြောင်း အရောင်းဈေးကွက်တင်ပေးသည့် Sotheby’s International Realty မှ အကျိုးဆောင် လက်စ်လီ ရာဇုခ်က ပြောကြားသည်။
နေအိမ်တည်ရှိရာ ခြံဝန်းမှာ ၃၂ ဧကခန့်ကျယ်ဝန်းပြီး ခြံဝန်းကြီးအတွင်း စမ်းချောင်းတစ်ခု၊ မြက်ခင်းပြင်များ၊ သစ်တောမြေများ၊ ရေကန်တစ်ကန်နှင့် ရေတံခွန်များ ပါဝင်သည်။
“မန်ဟက်တန်ကနေ ဒီကို ကျွန်တော်တို့ ပြောင်းလာချိန် ပထမဆုံး တွေးလိုက်မိတာက….အိုး..ငါတို့တော့ ကိုယ်ပိုင်ပန်းဥယျာဉ်ကြီး ရှိပြီ..ဆိုတဲ့ အတွေးပေါ်ခဲ့ပါတယ်။ ခြံဝန်းကို ခွေးတွေနဲ့အတူ တစ်ပတ်ပတ်ကြည့်တာ နာရီဝက်လောက် ပတ်ယူရတယ်”ဟု မစ္စတာ ဆိုင်မွန်က ပြောကြားသည်။
ယခုစံအိမ်ကြီးရှိ အသံဖမ်းစတူဒီယိုတွင် ဆိုင်မွန်က သူ၏ နောက်ဆုံးအယ်လ်ဘမ်ဖြစ်သော "peaceful space"ကို အသံဖမ်းယူခဲ့သည်။
နောက်ဘက်ကွက်လပ်ရှိ ဘေ့စ်ဘောကွင်းတွင် မိသားစုနှင့်အတူ ဖြတ်သန်းခဲ့သည့် ကာလများကို လွမ်းဆွတ်နေမည်ဖြစ်ကြောင်းလည်း မစ္စတာဆိုင်မွန်က ပြောကြားသည်။
မစ္စတာ ဆိုင်မွန်နှင့် ဇနီးဖြစ်သူ တေးရေး-တေးဆို အက်ဒီ ဘရစ်ကဲလ်တို့သည် ရင်သွေး ၃ ဦးကို ယခုခြံဝန်းကြီးထဲတွင် ကြီးပြင်းစေခဲ့ခြင်းဖြစ်ပြီး ယခုအခါ ကလေးများမှာ အရွယ်ရောက်ကြပြီဖြစ်ပြီး မိဘအုပ်ထိန်းမှုအောက်မှ ထွက်ခွာသွားကြပြီ ဖြစ်သည်။
ပင်မနေအိမ်မှာ အကျယ်အဝန်း စတုရန်းပေ ၈၅၀၀ ခန့်ရှိပြီး ကိုလိုနီဗိသုကာဟန် အုတ်ထမ်းစံအိမ်ကြီးဖြစ်ပြီး ၁၉၃၀ ပြည့်လွန်ကာလ များက ဆောက်လုပ်ခဲ့သည့် လက်ရာဖြစ်ကြောင်း မစ္စတာ ရာဇုခ်က ပြောကြားသည်။
စာကြည့်ခန်း နေရာများစွာ ပါဝင်ပြီး အိပ်ခန်းမှာ ၆ ခန်းအထိ ပါဝင်သည်။
အသံဖမ်းစတူဒီယိုခန်းမှာမူ သီးခြားနေအိမ်တစ်လုံးတွင် တည်ရှိပြီး အဆိုပါနေအိမ်တွင် အိပ်ခန်း ၂ ခန်းလည်း ပါဝင်သေးသည်။
ထို့အပြင် ခြံဝန်းအတွင်း ကား ၃ စင်းဆန့် ကားဂိုဒေါင်တစ်ခုလည်း ပါဝင်ကြောင်း ဈေးကွက်တင်သည့် အကျိုးဆောင်တို့က ပြောကြားသည်။
ယခုအခါ အသက် ၇၇ နှစ်ရှိပြီဖြစ်သော ဆိုင်မွန်သည် Simon & Garfunkel ကို တည်ထောင်ပြီးနောက် Bridge Over Troubled Water ကဲ့သို့ သီချင်းမျိုးဖြင့် အောင်မြင်မှု ရရှိလာခဲ့သည်။
Bridge Over Troubled Water သည် ဂီတ၏ အကယ်ဒမီဆုဖြစ်သော ဂရမ်မီဆုရရှိခဲ့ပြီး ၁၉၇၁ ခုနှစ်အတွက် Song of the Year ဆု ရရှိခဲ့ခြင်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)