ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အမေရိကန်ပြည်ထောင်စုတွင် ကော်လိုရာဒိုတောင်တန်းကြီး၏ ပေပေါင်း ၈၉၀၀ မြင့်မားသောနေရာတွင်တည်ရှိသည့် ဧက ၃၄၀ ကျယ်ဝန်းသော မွေးမြူရေးခြံကြီးတစ်ခု ကန်ဒေါ်လာ ၁၅ သန်းဖြင့် ရောင်းချရန် ဈေးကွက်ဝင်လာသည်။
Bear Gulch မွေးမြူရေးခြံဟု အမည်ပေးထားပြီး စတုရန်းပေ ၆၀၀၀ ကျယ်ဝန်းသည့် ပင်မနေအိမ်တစ်လုံး ပါဝင်ကာ ဧည့်ဂေဟာအိမ် တစ်လုံးလည်း ပါဝင်သေးသည်။
တည်နေရာမှာ ကော်လိုရာဒိုပြည်နယ်၊ ကော်လိုရာဒိုပြည်နယ်၊ ဘိုးလ်ဒါခရိုင်၊ အယ်လန်စပါ့ခ်အရပ်တွင်ဖြစ်ပြီး သဘာဝ အလှတရားများ အလွန်ပေါများသည့်နေရာဖြစ်သည်။
ဇိမ်ခံလူနေမှုဘဝနှင့် လူတို့မပြုပြင်မပြောင်းလဲထားသေးသည့် အလှတရားများ ရရှိမည့် မွေးမြူရေးခြံကြီးကို ကန်ဒေါ်လာ ၁၄ ဒသမ ၈၇၅ သန်းဖြင့် ဈေးကွက်တင်လာခြင်း ဖြစ်သည်။
မွေးမြူရေးခြံကြီးအတွင်း ၈ မိုင်ခန့် ရှည်လျားသည့် တောလမ်းများ၊ ထရောက်ငါးများ မွေးမြူထားသည့်ကန်၊ ပေါ့ပလာပင်နှင့် ထင်းရှူးပင်များ၊ ထူထူထဲထဲ မြက်တောများ၊ တစ်နှစ်ပတ်လုံး ရေစီးဆင်းမှုရှိသည့် ချောင်းနှင့် ရေတံခွန်များ အစရှိသည့် သဘာဝ၏အလှတရားများစွာ ပိုင်ဆိုင်ထားသည်။
စတုရန်းပေ ၆၀၀၀ ကျယ်ဝန်းသော ပင်မနေအိမ်ကို ၂၀၁၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ဘက်စုံသုံးခန်းမတစ်ခု၊ နောက်ဆုံးပေါ် နည်းပညာများ ထည့်သွင်းထားသည့် မီးဖိုဆောင်၊ အိပ်ခန်း ၂ ခန်း၊ ဖျော်ဖြေရေးနေရာများစွာ ပါဝင်သည်။
ဧည့်ဂေဟာအိမ်မှာ ဧည့်သည် ၂၀ ဦးနှင့်အထက် တည်းခိုနိုင်ပြီး ကိရိယာတန်ဆာပလာများ ထားသိုသည့် စပါးကျီနေရာတစ်ခုလည်း ပါဝင်ပြီး ထိုနေရာကို ခြံစောင့်နေထိုင်မည့်အိမ်အဖြစ် ပြောင်းလဲအသုံးပြု၍ ရနိုင်သည်။
“အိမ်ထဲကို လမ်းလျှောက်ဝင်လိုက်တာနဲ့ နှင်းဖုံးနေတဲ့ Longs Peak ကို မြင်ရချိန်မှာ ခင်ဗျားအနေနဲ့ ပါးစပ်အဟောင်းသား ဖြစ်သွားပါ လိမ့်မယ်” ဟု ဈေးကွက်တင်ပေးခဲ့သည့် Sotheby's International Realty မှ ကာရီ အန်းစလေက ပြောကြားသည်။
မွေးမြူရေးခြံကြီး၏ အရပ်သုံးမျက်နှာတွင် အမျိုးသားသစ်တောမြေများဖြင့် ဝန်းပတ်နေရာ သဘာဝအလှတရားကို ဧက ထောင်ပေါင်းများစွာ တွေ့မြင်ခွင့်ရရှိနေခြင်းလည်း ဖြစ်သည်။
မွေးမြူရေးခြံကြီးကို ရော့ကီးတောင်တန်း အမျိုးသားဥယျာဉ်၏ ဖခင်ကြီးဟု တင်စားကြသော အီနော့စ် မေးလ်စ်က ၁၉၀၉ ခုနှစ်တွင် ယခုမွေးမြူရေးခြံကြီးကို တည်ထောင်ခဲ့ခြင်း ဖြစ်သည်။
အမေရိကန်သမ္မတ ဝုဒရိုး ဝီလ်ဆင်က ရော့ကီးတောင်တန်း အမျိုးသားဥယျာဉ်ကို တည်ထောင်ရာတွင် မေးလ်စ်သည် နောက်ကွယ်မှ အဓိက ပါဝင်ခဲ့သည့်ပုဂ္ဂိုလ်ဖြစ်သည်။
မွေးမြူရေးခြံကြီးကို Bear Gulch ဟု အမည်ပေးရခြင်းမှာ မေးလ်စ်သည် မွေးမြူရေးခြံကြီးတွင် ထိုကာလက တွေ့ရလေ့ရှိသည့် ဝက်ဝံပေါက်ကလေးများကို ထိန်းသိမ်းမွေးမြူထားခဲ့ခြင်းကြောင့်ဖြစ်ကြောင်း မစ္စတာ အန်းစလေက ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)