ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
တရုတ် - မြန်မာ စီးပွားရေးစင်္ကြံအောက်ရှိ တရုတ်-မြန်မာ နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှု ဗဟိုဇုန်(Core Zone) သုံးခု အကောင်အထည်ဖော်ရန် တရုတ်နှင့် မြန်မာနှစ်ဖက်စလုံးက လျာထားအတည်ပြုလိုက်ပြီဖြစ်သည်။
မြန်မာအစိုးရဘက်က ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ် နှင့် ချင်းရွှေဟော်၊ ကချင်ပြည်နယ် တွင် ကန်ပိုက်တီးစသည့် နေရာသုံးခုတွင် ဗဟိုဇုန်(Core Zone) များအကောင်အထည်ဖော်ရန် မြန်မာ-တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်(BECZ) ဗဟိုကော်မတီကသဘောတူ အတည်ပြုလိုက်ပြီဖြစ်ပြီး မကြာမီ EOI(Expression of Interest) ခေါ်ယူမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က မြန်မာတိုင်း(မ်)ကို အတည်ပြုပြောကြားသည်။
အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုလမ်းကြောင်း ဖွံ့ဖြိုး တိုးတက်စေရေးအတွက် တရုတ်၏ ရပ်ဝန်းနှင့် ပိုးလမ်းမ စီမံကိန်းတွင် မြန်မာကပါဝင်ရန် သဘောတူထားပြီး နှစ်နိုင်ငံ နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ အကောင်အထည်ဖော်ရန် နှစ်ဖက်အစိုးရအကြား နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည်။
ပြီးခဲ့သည့်လအတွင်းက မြန်မာ- တရုတ်နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင်အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီ၏ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီးနောက် ဗဟိုဇုန်အကောင်အထည်ဖော်မည့် စီမံကိန်းနေရာ သုံးခုထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါ စီမံကိန်းသုံးခုအနက် မူဆယ်“ကျယ်ဂေါင်တွင် အကောင်အထည်ဖော်မည့် ဗဟိုဇုန်အတွက် အသေးစိတ် စီမံကိန်းလမ်းကြောင်း လျာထားပြီဖြစ်သည်။ မူဆယ်နယ်စပ်စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက် ရာတွင် မူဆယ်(ဟိုဆောင်)- “ ကျယ်ဂေါင်ကို Core Zone အဖြစ်လည်းကောင်း၊ ကြူကုတ်(ပန်ဆိုင်း) -“ ဝမ်တိန် -“ နွမ်ရင်(ကျိန်စမ်းကျော့) -“ မန့်မန်(ရွှေလီ)တို့ကို Export Product Manufacturing Processing and Warehouse Area များအဖြစ်လည်းကောင်း၊ ဆယ်လန့်(မန်ဟီးရိုး) “ -ဆယ်လင်းနှင့် နမ့်ခမ်း- “ နောင်တောင်းတို့ကို Import Processing and Warehouse Area များအဖြစ်လည်းကောင်း ဖွဲ့စည်းတည်ထောင်ရန် လျာထားသည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးသန်းမြင့်က ယင်းအစည်းအဝေးတွင် ပြောသည်။
မူဆယ်“ ကျယ်ဂေါင် ဗဟိုဇုန်သည် မြန်မာအစိုးရ၏ မူသဘောဆိုင်ရာ စီမံကိန်း(Concept Plan) အရ နန့်ဖက် ကာမှအစပြု၍ တစ်ဖက်တွင် ကြူကုတ်(ပန်းဆိုင်)နှင့် အခြား တစ်ဖက်တွင် နမ့်ခမ်း စသည်ဖြင့် တြိဂံပုံစံ ဧရိယာထဲတွင် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တည်ဆောက်ရန် ရေးဆွဲထားပြီးLogistic Zone ဆောက်မည့်နေရာများ၊ ကုန်ထုတ်လုပ်ငန်းနှင့် စက်မှုဇုန် များ တည်ဆောက်မည့် နေရာများကို အသေးစိတ်လျာထားပြီးပြီဟု ဦးခင်မောင်လွင်က ပြောသည်။
အလားတူ တရုတ်အစိုးရကလည်း ၎င်းဘက်အခြမ်းရှိ ဗဟိုဇုန်များဆောင်ရွက်မည့် နေရာအသီးသီးတွင် လုပ်ငန်းများ ဆောင်ရွက်နေပြီဟု ၎င်းကဆိုသည်။
ယခုအခါ နှစ်နိုင်ငံနယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ အကောင်အထည်ဖော်ရေးအတွက် မြန်မာနိုင်ငံဘက်က မည်သည့်နေရာများတွင် မည်သည့်စီမံကိန်း များ လုပ်ဆောင်မည်ကို မူသဘောဆိုင်ရာ စီမံကိန်းရေးဆွဲထားခြင်းဖြစ်ပြီး EOI တင်ပြမည့် ရင်းနှီးမြှုပ်နှံမည့်သူများ ကလည်း အဆိုပါစီမံကိန်းနှင့်အညီ ဆောင်ရွက်မည့် အစီအစဉ်များကို တင်ပြရမည်ဖြစ်ကြောင်း၊ ထိုသို့တင်ပြလာသည်ကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနက Master Plan ပြန်ဆွဲ၍ ဆက်လက်ဆောင်ရွက် မည်ဟု ဦးခင်မောင်လွင်က ပြောသည်။
ဗဟိုဇုန် သုံးနေရာအတွက် EOI ခေါ်ယူမှုကို မကြာခင် သတင်းစာထဲတွင် ကြေညာ၍ ခေါ်ယူမည်ဖြစ်ကာ ထိုသို့ ခေါ်ယူရာတွင်လည်း နိုင်ငံတကာတင်ဒါခေါ်ယူမည်မဟုတ်ဘဲ ပြည်တွင်းရှိ တိုင်းရင်းသားလုပ်ငန်းရှင်များ ကိုသာ အဓိကခေါ်ယူမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဆိုသည်။
သို့သော် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေအရ မြန်မာနိုင်ငံသားကုမ္ပဏီတွင် နိုင်ငံခြားသား ၃၅ ရာခိုင်နှုန်းရှယ်ယာပါဝင်မှုကို မြန်မာကုမ္ပဏီ ရင်းနှီးမြှုပ်နှံမှုအဖြစ်သတ်မှတ်ရာ ယင်းပုံစံမျိုးဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများက ပါဝင်ရင်းနှီးမြှုပ်နှံနိုင်မည် ဖြစ်သည်။
ပြည်တွင်းကုမ္ပဏီများက EOI တင်ပြရာတွင် မိမိတို့ လုပ်ဆောင်လိုသည့် အစီအစဉ်ကို တင်ပြရမည်ဖြစ်ပြီးရင်းနှီးမြှုပ်နှံမှုပမာဏနှင့် ယင်းငွေရရှိမည့် အရင်းအမြစ်ကို မူသဘောဆိုင်ရာစီမံကိန်း အသေးစိတ်ကို ထည့်သွင်း တင်ပြရမည်ဖြစ်သည်။
"ဘယ်လိုနေရာတွေမှာ ဘယ်သူတွေက ဘာတွေလုပ် မယ်ဆိုတာEOI တင်ပြရမယ်။ ဥပမာ မူဆယ် “ ကျယ်ဂေါင်လိုနေရာမျိုးမှာ ဗဟိုဇုန်လုပ်မယ်ဆိုရင် ဘယ်လောက်ရင်းနှီး မြှုပ်နှံမယ်။ ငွေချေးရင် ဘယ်လောက်ရှိမယ် အဲဒီလိုအသေးစိတ်ဟာတွေက EOI ခေါ်ရင် ပါလာမယ်"ဟု ၎င်းက ပြောသည်။
ချင်းရွှေဟော်နှင့် ကန်ပိုက်တီးနေရာများတွင် ဗဟိုဇုန်တည်ဆောက်မှု အသေးစိတ်လျာထားခြင်း မရှိသေးဘဲ EOI တင်ပြလာမှုအပေါ် မူတည်၍ မူသဘောဆိုင်ရာ စီမံကိန်း ဆက်လက်ရေးဆွဲရမည်ဖြစ်ပြီး ကန်ပိုက်တီးအတွက် ဗဟိုဇုန်တည်ဆောက်ရာတွင် မည်သည့်နေရာ များတွင် မည်သည့်လုပ်ငန်းလုပ်ဆောင်မည်ကို တရုတ်နှင့် ညှိနှိုင်းမှုများ ပြုလုပ်ရမည်ဟု လက်ထောက်အတွင်းဝန် က ပြောသည်။
စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်များ အကောင်အထည်ဖော်ရာတွင် တရုတ် - မြန်မာ နှစ်နိုင်ငံနယ်နိမိတ် မျဉ်းကိုဖြတ်၍ တည်ထောင်မည့် ဗဟိုဇုန်မှာ လွတ်လပ် သော ကုန်သွယ်ရေးဇုန်ဖြစ်လာမည်ဖြစ်ပြီး ယင်းတွင်နှစ်နိုင်ငံက ရင်းနှီးမြှုပ်နှံမှုများနှင့် အကောက်ခွန်လျှော့ချ ခြင်းများ၊ ဟိုတယ်ဇုန်များ၊ ကုန်ထုတ်လုပ်ခြင်းများ၊ စက်မှုဇုန်များ၊ ဘဏ်များပါဝင်မည်ဖြစ်သည်။ ကုန်သွယ်မှုအတွက် ငွေကြေးစီးဆင်းမှုအပိုင်းတွင် ဗဟိုဇုန်အတွင်းရှိ နှစ်နိုင်ငံဘဏ်များမှတစ်ဆင့် လုပ်ဆောင်မည်ဖြစ်သည်။
ဗဟိုဇုန်သည် နှစ်နိုင်ငံ အစိုးရချင်းပူးပေါင်းဆောင်ရွက်ရသည့်အတွက် အရေးကြီးဆုံးဇုန်ဖြစ်ပြီး ဗဟိုဇုန်ကိုဖြတ်၍ တစ်ဖက်နှင့်တစ်ဖက် တင်ပို့ခွင့်ပြုခြင်းကိစ္စတွင် လွတ်လပ် သော ကုန်သွယ်ရေးဇုန်ဖြစ်လာမည် ဖြစ်သည်။ မြန်မာသည် တရုတ်နိုင်ငံ ကျယ်ဂေါင်မှတစ်ဆင့် ပြည်မထဲအထိ ဝင်ရောက်ကာ အခြားနိုင်ငံများသို့ သွားနိုင်မည်ဖြစ်ပြီး အလားတူ တရုတ်ဘက်ကလည်း မူဆယ်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်း ဖြတ်သန်း၍ အခြားနိုင်ငံများသို့ ကုန်သွယ်မှုပြုနိုင်မည်ဖြစ်သည်။
"နယ်စပ်စီးပွားရေးဇုန်က နှစ်ဖက်အစိုးရချင်း ပူးပေါင်းဆောင်ရွက်တဲ့အတွက် ဒီစီးပွားရေးဇုန်နဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှုအားလုံးကို အစိုးရတွေက ထိန်းချုပ်ပါမယ်"ဟု ဦးခင်မောင်လွင်က ပြောသည်။
မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်(BECZ) တည်ထောင် အကောင်အထည်ဖော်ခြင်းကို နိုင်ငံတော်အစိုးရ၏ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများ၊ တည်ဆဲဥပဒေများနှင့်အညီ စနစ်တကျတည်ထောင် အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဟု မြန်မာ-တရုတ် နယ်စပ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန် တည်ထောင် အကောင်အထည်ဖော်ရေးဆိုင်ရာ ဗဟိုကော်မတီဥက္ကဋ္ဌလည်းဖြစ်သူ ဦးသန်းမြင့်က အထက်ပါ အစည်းအဝေးတွင် ပြောကြားခဲ့သည်။
"ဒေသခံတွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရဖို့လိုတယ်။ တရုတ်ပြည်က လူတွေချည်းပဲ အများကြီးဝင်လာပြီးလုပ်နေမယ်ဆိုရင် ကျွန်တော်တို့ဘက်က တော်တော်ဆုံးရှုံးမှာ။ ကျွန်တော်တို့ အစိုးရအနေနဲ့က နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှုမှာ ကိုယ့်ဘက်က မျှခြေရှိတဲ့ အခွင့်အရေး ရဖို့လည်း တောင်းဆိုသင့်တယ်။ ဒေသကောင်းကျိုးအတွက် လုပ်တဲ့အချိန်မှာ တရုတ်ချည်းပဲ လက်ဝါးကြီးလာအုပ်သွား မှာ မလိုလားဘူး"ဟု မူဆယ်ဒေသခံ ကုန်သည် ဦးစိုင်းခင် မောင်က ပြောသည်။
လက်ရှိတွင် ရှမ်းပြည်မြောက်ပိုင်း၌ ကုန်သွယ်ရေး ဇုန်များလုပ်နေကြသော်လည်း မအောင်မြင်ကြောင်း၊ ယခု နှစ်ဖက်အစိုးရက အကောင်အထည်ဖော်မည့် ပူးပေါင်း ဆောင်ရွက်မှုဇုန်များသည် လွတ်လပ်သော ကုန်သွယ်ရေး ဇုန်ဖြစ်လာပါက စီးပွားရေးအရ အကျိုးပိုရှိမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
"တရုတ်တွေက ကိုယ့်ဘက်က ကုန်ပစ္စည်းတွေဖြစ်တဲ့ ဆန်၊ စပါး၊ ပဲ၊ ပြောင်း၊ နှမ်းတွေကို လိုအပ်ရင်ဖွင့်လိုက်၊ မလိုအပ်ရင် ပိတ်လိုက်အဲဒါမျိုးအနေအထားကနေ ကျော်လွန်သွားမှာပါ"ဟု ဦးစိုင်းခင်မောင်က ပြောသည်။
Credit: The Myanmar Times