ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
အမေရိကန်နှင့် ကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားလျက်ရှိသည့် တရုတ်ထံမှ ရင်းနှီးမြှုပ်နှံသူများကို ဖိလစ်ပိုင်က ပိုမိုဆွဲဆောင်လာနိုင်ကြောင်း ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
“တရုတ်ရင်းနှီးမြှုပ်နှံသူတွေပိုများလာပါတယ်။ အရင်ကဆို တစ်နှစ်ကို အမေရိကန်ဒေါ်လာ သန်း ၅၀ ပဲ ဝင်ပါတယ်။ ဒါဟာ အရမ်းကိုနည်းပါတယ်။ အခုတော့ ၁ ဘီလျံနီးပါး ရှိလာပါပြီ။” ဟု ဖိလစ်ပိုင်ကုန်သွယ်ရေးဝန်ကြီး ရေမွန်အမ်လိုပက်ဇ်က တရုတ်ရင်းနှီးမြှုပ်နှံသူများအား ဆွဲဆောင်ရန် ကြိုးပမ်းချက်များနှင့်စပ်လျဉ်း၍ ပြောကြားခဲ့သည်။
ပြည်ပမှ ရင်းနှီးမြှုပ်နှံမှုများကို အဆင်ပြေချောမွေ့စေနိုင်သည့် အင်္ဂလိပ်စကားပြောကျွမ်းကျင်လုပ်သားအင်အားစု ဖိလစ်ပိုင်တွင် ရှိကြောင်းလည်း သူက ပြောကြားခဲ့သေးသည်။
အမေရိကန်တရုတ်ကုန်သွယ်ရေးစစ်ပွဲကို ရှောင်ရှားရန်ကြိုးပမ်းသော စက်ရုံများအတွက် ဖိလစ်ပိုင်သည် မျက်စိကျစရာနေရာတစ်ခုဖြစ်လာနိုင်ကြောင်း စီးပွားရေးဆောင်ရွက်မှုများဆိုင်ရာ ဖောင်ဒေးရှင်းတစ်ခုဖြစ်သော Foundation for Economic Freedom (FEF) ကလည်း မကြာသေးမီက သတင်းထုတ်ပြန်ချက်တစ်ရပ်တွင် ကြေညာခဲ့သည်။
သို့သော်လည်း ဖိလစ်ပိုင်အနေဖြင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးတက်စေရန် မက်လုံးအများအပြားပေး၍ ဆွဲဆောင်သော ဗီယက်နမ်ကဲ့သို့ အခြားနိုင်ငံများနှုင့် ယှဉ်ြ့ပိုင်နေရဆဲဖြစ်ကြောင်း FEF က ထုတ်ပြန်ခဲ့သည်။
သယ်ယူပို့ဆောင်ရေးနှင့် တယ်လီကွန်းဆက်သွယ်ရေးတို့၏ အရည်အသွေး၊ ကုန်ကျစရိတ်နှင့် အချိန်တိုတွင်းအကျိုးဖြစ်ထွန်းမှုတို့သည် ကုမ္ပဏီများအတွက် ဖိလစ်ပိုင်သို့ ပြောင်းရွှေ့လုပ်ကိုင်သင့်မသင့်စဉ်းစားဆုံးဖြတ်ရာတွင် ထည့်သွင်းစဉ်းစားရသည့်အချက်များဖြစ်ကြောင်း FEF က မှတ်ချက်ပြုခဲ့သည်။
သယ်ယူပို့ဆောင်ရေးနှင့် တယ်လီကွန်းဆက်သွယ်ရေးတို့၏ မဟာဗျူဟာကျသည့်ကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတိုးလာစေရန်အတွက် ယှဉ်ပြိုင်မှုများပြားလာစေရန်၊ ဝန်ဆောင်မှုများပိုမိုကောင်းမွန်လာစေရန်နှင့် ဈေးနှုန်းများကျဆင်းလာစေရန် လိုအပ်ပေသည်ဟုလည်း FEF က သုံးသပ်ခဲ့သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)