ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
မြန်မာနိုင်ငံ ကုမ္ပဏီများ ဥပဒေအရ အွန်လိုင်းစနစ်ဖြင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေအရ ရရှိနိုင်မည့် အခွင့်အလမ်းများကို စီးပွားရေးလုပ်ငန်းရှင်များ ပိုမိုသိရှိစေရန် ဆွေးနွေးပွဲကို ဇွန်လ ၂၅ ရက်တွင် မန္တလေးမြို့ ၌ ပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကုမ္ပဏီဥပဒေမှာပါတဲ့ အချက်အလက်တွေကို ပိုမိုသိရှိနိုင်ဖို့ ရယ် အွန်လိုင်းကနေ မှတ်ပုံတင်တဲ့အခါမှာ နည်းပညာပိုင်းဆိုင်ရာ အသုံးပြုမှုတွေကို လုပ်ငန်းရှင် တွေအနေနဲ့ အကျွမ်းတဝင်ရှိစေဖို့ အတွက် အသိပညာပေးတဲ့အနေ နဲ့ ဒီဆွေးနွေးပွဲကို ပြုလုပ်မှာဖြစ်ပါ တယ်’’ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (မန္တလေး) ညွှန်ကြားရေးမှူး ဒေါ်နွယ်နီ ဦးက ပြောသည်။
အဆိုပါဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြား မှုဦးစီးဌာန(မန္တလေးတိုင်း)ရုံးတွင် ဇွန်လ ၂၅ ရက် နံနက် ၉ နာရီမှ ၁၁ နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး မန္တလေးတိုင်းရှိ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုမ္ပဏီမှတ်ပုံတင်ခြင်းဆိုင်ရာ ကိစ္စများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများ လေ့လာလိုပါက တက်ရောက်ဆွေးနွေးရန် ဖိတ်ခေါ်ထားကြောင်း၎င်းက ပြောသည်။
‘‘ ရင်းနှီးမြှုပ်နှံမှုနဲ့ ပတ်သက် ပြီး ဘယ်လိုအကျိုးခံစားခွင့်တွေ ရှိတယ်ဆိုတာကို သူတို့တွေပိုပြီး ကျယ်ကျယ်ပြန့်ပြန့်သိသွားအောင်ဆွေးနွေးပေးသွားမှာပါ။ ကုမ္ပဏီမှတ်ပုံတင်ဆိုရင်လည်း နည်းပညာပိုင်းဆိုင်ရာတွေကို မလုပ်တတ်လို့ဆိုပြီး ပြောနေတဲ့အတွက် လက်တွေ့ပြပေးသွားမှာပါ။ ကုမ္ပဏီ ၅၀ လောက်ပဲ လက်ခံပြီး ဆွေးနွေးပေးမှာ ဖြစ်တဲ့အတွက် အမြန်ဆုံးစာရင်းပေးဖို့တော့ လိုအပ်ပါတယ်’’ဟု ဒေါ်နွယ်နီဦးက ပြောသည်။
လက်ရှိတွင် မန္တလေးတိုင်း ၌ ၂၀၁၉ မေလအထိ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံရှိပြီး မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုပမာဏ ကျပ် ၅ ဒသမ ၀၇ ထရီလီယံရှိကာ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှု များတိုးတက်ရေး အထောက်အကူပြုစေရန် ပညာပေးသည့် အနေ ဖြင့် အဆိုပါ ဆွေးနွေးပွဲပြုလုပ် ခြင်းဖြစ်ကြောင်း ၎င်းကပြောကြား သည်။
Credit: 7Daydilay