ပြည်ပ အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ကမ္ဘာကျော် အိမ်ခြံမြေအငှားဝန်ဆောင်မှု ဝက်ဘ်ဆိုက်ကြီးဖြစ်သော Airbnb တွင် ကြော်ငြာတင်မှုများ ဂျပန်တွင် ပြန်လည်မြင့်တက် လာကြောင်း Airbnb Inc. က ထုတ်ပြန်သည်။
ပြီးခဲ့သောနှစ်က ဂျပန်တွင် လူနေခန်းများအား ကာလတို ခေတ္တငှားရမ်းခြင်းများကို တင်းကြပ်ထားခဲ့ရာ ထိုကာလက Airbnb တွင် ကြော်ငြာတင်မှုများ ဂျပန်တွင် ထိုးကျသွားခဲ့ဖူးသည်။
ယခုအခါတွင်မူ ဂျပန်ပြည်တွင်း အငှားစာရင်းတင်မှုများ ၅၀၀၀၀ ခန့်ရှိနေသည့်အပြင် ဟိုတယ်နှင့် ryokan ဟုခေါ်သော ရိုးရာ inn များရှိ အခန်းများ အငှားတင်မှု ၂၃၀၀၀ ခန်းခန့် ရှိသည်ဟု ဆိုသည်။
ပြီးခဲ့သောနှစ်အတွင်း ကာလတိုငှားရမ်းမှု တင်းကြပ်ခဲ့သည့် စည်းမျဉ်း အသက်ဝင်ပြီးနောက် ၂၀၁၈ ခုနှစ်၊ ဇွန်လ အငှားတင်မှုစုစုပေါင်း ၆၀၀၀၀ သာရှိခဲ့မှုနှင့် နှိုင်းယှဉ်ကြည့်ပါက မြင့်တက်လာခြင်းဖြစ်သည်။
Airbnb သည် သက်ဆိုင်ရာနိုင်ငံများ၏ စည်းမျဉ်းဥပဒေများနှင့် ညိစွန်းမှုများဖြစ်လေ့ရှိသည်မှာ အသစ်အဆန်းကား မဟုတ်ချေ။
ဂျပန်တွင် Airbnb သည် ပိုမိုပူးပေါင်းဆောင်ရွက်သည့် ချဉ်းကပ်ပုံမျိုး ကြိုးပမ်းဆောင်ရွက်သည်ကိုလည်း တွေ့ရသည်။
ခေတ္တအခန်းငှားမှုများကို အစိုးရက တင်းကြပ်ခဲ့စဉ်က အငှားစာရင်းတင်မှုများမှာ ၈၀ ရာခိုင်နှုန်းခန့်အထိ ကျဆင်းခဲ့ပြီး ၁၃၈၀၀ ဝန်းကျင်သာ ရှိတော့ကြောင်းလည်း Nikkei သတင်းစာက ဖော်ပြခဲ့ဖူးသည်။
“ဒီလိုအခြေအနေတွေကနေ ပြသနေတာက ကျွန်တော်တို့ဟာ ဒီလိုဝန်းကျင်မျိုးမှာတောင် ရှင်သန်နိုင်တယ်ဆိုတာပါပဲ။ Airbnb ရဲ့ ရပ်တည်နိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး မေးခွန်းထုတ်စရာ မလိုတော့ပါဘူး” ဟု Airbnb ပူးတွဲတည်ထောင်သူ၊ မဟာဗျူဟာဆိုင်ရာ အကြီးအကဲ နာသန် ဘလီချာဇစ်က တိုကျိုတွင် ပြုလုပ်သော တွေ့ဆုံမေးမြန်းခန်းတစ်ခုတွင် ပြောကြားခဲ့သည်။
ယခုအခါ အစိုးရက ကာလတို အငှားချထားမှုဈေးကွက်သို့ ဂျပန်၏ အကြီးမားဆုံး ကော်ပိုရေးရှင်းကြီးများ ဝင်ရောက်လာနိုင်ရန် တံခါးဖွင့်ပေးထားလျက်ရှိသည်။
ပြည်တွင်းမှ ပူးပေါင်းဖော်ဆောင်သူ ကုမ္ပဏီများအနေဖြင့် SoftBank Group Corp.,၊ ကုန်စုံဆိုင်များ လည်ပတ်သည့် ကုမ္ပဏီ FamilyMart UNY Holdings Co.,၊ လျှပ်စစ်ပစ္စည်းများ လက်လီအရောင်းကုမ္ပဏီ Bic Camera Inc. နှင့် လေကြောင်းလိုင်း ကုမ္ပဏီ ANA Holdings Inc တို့ ပါဝင်ပြီးဖြစ်သည်။
Airbnb က ထုတ်ဖော်ပြောကြားရာတွင် ဈေးကွက်အတွင်း ပူးပေါင်းလုပ်ကိုင်သည့် ကုမ္ပဏီများမှာ ၁၁၇ ခုခန့်အထိ မြင့်တက်ခဲ့ပြီး အိမ်ခြံမြေ developer ကုမ္ပဏီ Panasonic Homes Co. နှင့် အိမ်ခြံမြေအကျိုးဆောင် HouseDo Co တို့လည်း ပါဝင်သည်ဟု ဆိုသည်။
အဆိုပါကုမ္ပဏီများအကြား သဘောတူညီချက်အသေးစိတ်ကို ထုတ်ဖော်ကြေညာခြင်းမပြုသော်လည်း ယင်းကုမ္ပဏီများသည် အိမ်ခြံမြေ ငှားရမ်း၊ ဝယ်ယူမှုများတွင် အကူအညီပေးသွားမည်ဖြစ်ကြောင်း Airbnb ၏ ဂျပန်ဆိုင်ရာ မန်နေဂျာ ယာဆူယူကီ တာနာဘီက ပြောကြားသည်။
“ရေစီးက ပြောင်းသွားပါပြီ။ ဂျပန်မှာ အပြောင်းအလဲတစ်ချို့ ဖြစ်ပေါ်နေပါပြီ။ ကျွန်တော်တို့ဟာ (ဂျပန်လူမျိုးတွေဟာ) အသက် ၁၀၀ လောက်အထိ နေရလိမ့်မယ်လို့ လူတိုင်းက ပြောနေကြတယ်။ ဒါပေမယ့် ကျွန်တော်တို့မှာက အသက် ၁၀၀ လောက်အထိ နေဖို့ ငွေအလုံအလောက်မရှိပါဘူး။ ဒီလိုအချိန်မှာ အခန်းပိုတွေ အငှားချပြီး အပိုဝင်ငွေရှာနိုင်မယ့်နည်းလမ်းကို လူတွေစိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်” ဟု တာနာဘီက ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)