ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
ပြည်တွင်းရှိ လေဆိပ်သုံးခုကို နိုင်ငံတကာ လေဆိပ်များ တိုက်ရိုက်ဆင်းသက်နိုင်ရန်အတွက် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိသည့် ကုမ္ပဏီများနှင့် လက်ရှိတွင် စာချုပ်ချုပ်ဆိုရန် ဆောင်ရွက်နေဆဲဖြစ်ကြောင်း ပြည်တွင်း လေကြောင်းပို့ဆောင်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ဇွန် ၂ ရက်၌ ပြောဆိုသည်။
ကုန်ကျမည်
အဆိုပါလေဆိပ်များကို အဆင့်မြှင့်တင် ရာတွင် ပထမအဆင့်၌ ဟဲဟိုး လေဆိပ်အတွက် ကန်ဒေါ်လာသန်း ၄၀၊ ကော့သောင်း လေဆိပ် အတွက် ကန်ဒေါ်လာ ၃၆ သန်းနှင့် မော်လမြိုင် လေဆိပ်အတွက် ကန်ဒေါ်လာသန်း ၂၀ ကုန်ကျ မည်ဟုခန့်မှန်းထားကြောင်း၊ ပြည်တွင်း၌ လေဆိပ်ပေါင်း ၆၉ ခုရှိပြီး အပြည်ပြည်ဆိုင်ရာ လေဆိပ်သုံးခုနှင့် ပြည်တွင်းလေဆိပ် ၃၁ ခု တို့တွင် လေယာဉ်များ ဆင်းသက်အသုံးပြု လျက်ရှိကြောင်း သိရသည်။
ဟဲဟိုးလေဆိပ်အတွက် KBZ Group၊ ကော့သောင်းလေဆိပ်အတွက် Golden Myanmar Airlines Public ကုမ္ပဏီနှင့် မော်လမြိုင် လေဆိပ်အတွက် Hinthar Group တို့မှရရှိသွားပြီး လုပ်ငန်းများစတင်နိုင်ရန် အတွက် စာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေကြောင်း၊ စာချုပ်ပါအချက်အလက်များကို ဆွေးနွေးညှိနှိုင်းမှုပြုလုပ်ပြီးမှသာလျှင် လက်မှတ်ရေး ထိုးမည်ဖြစ်သည့်အတွက် စီမံကိန်းကို လတ်တလောတွင် မစတင်နိုင်သေးကြောင်း သိရသည်။
ပြည်တွင်းရှိ ခရီးသွားဧည့်သည်အများဆုံး သွားရောက်လည်ပတ်သည့်ဒေသများရှိ လေဆိပ် များကို နိုင်ငံတကာလေကြောင်းလိုင်းများ တိုက်ရိုက်ဆင်းသက်နိုင်ရန်ရည်ရွယ်၍ ညောင်ဦး ၊ သံတွဲ ၊ ဟဲဟိုး ၊ ကော့သောင်း နှင့် မြစ်ကြီးနား လေဆိပ်တို့ကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ ရွေးချယ်တင်ပြခဲ့ပြီး ယင်းတွင် ကော့သောင်း၊ ဟဲဟိုး နှင့် မော်လမြိုင် လေဆိပ်များကို အဆင့်မြှင့်တင်ရန်ရွေးချယ်၍ ပထမဆုံးတင်ဒါခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းအပြင် တိုးတက်လာမည့် ခရီးသည်များကိုရည်ရွယ်ပြီး ဟံသာဝတီအပြည်ပြည်ဆိုင်ရာ လေဆိပ်အား အကောင်အထည်ဖော်ဆောင်ရွက်နေကြောင်းလည်း သိရသည်။
Credit: The Myanmar Times