ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဗီယက်နမ်နိုင်ငံတွင် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး လုပ်ဆောင်မှုများနောက်တွင် မရည်ရွယ်သည့် အကျိုးဆက်အနေဖြင့် အိမ်ခြံမြေဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပေါ်လာနေကြောင်း စင်္ကာပူအခြေစိုက် စီးပွားရေးသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ထိုသို့ အိမ်ခြံမြေဈေးနှုန်းမြင့်တက်မှုများ ဖြစ်လျက်ရှိရာတွင် အဓိကအားဖြင့် ဟိုချီမင်းမြို့ တော်တွင် ဖြစ်ပွားလျက်ရှိခြင်း ဖြစ်သည်။
သုတေသီ ဒေါက်တာ လီဟောင်ဟစ်ပ်က ၂၀၁၇ ခုနှစ်ကတည်းကပင် “အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းများက ဗီယက်နမ် အိမ်ခြံမြေကဏ္ဍအပေါ် အကျိုးသက်ရောက်မှု” ဟူသော ခေါင်းစဉ်ဖြင့် ဆောင်းပါးတစ်ပုဒ် ရေးသားခဲ့ဖူးသည်။
အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်အနေဖြင့် ဗီယက်နမ်တွင် ရာပေါင်းများစွာသော အိမ်ခြံမြေစီမံကိန်းနေရာများသို့ ဝင်ရောက်စစ်ဆေးခြင်း၊ စုံစမ်းမေးမြန်းခြင်းများ ပြုလုပ်ခဲ့ရာ အထူးသဖြင့် ဟိုချီမင်းမြို့ တော်၊ ဒါနန်းနှင့် ဟနွိုင်းတို့တွင် ဖြစ်သည်။
မြေယာစီမံခန့်ခွဲရေးကဏ္ဍ အကျင့်ပျက်ခြစားမှုများ တိုက်ဖျက်ရာတွင် အဓိကရည်ရွယ်စစ်ဆေးသည့်နေရာများမှာ နိုင်ငံပိုင်နှင့် အများပိုင် လုပ်ငန်းများမှ ပိုင်ဆိုင်သော မြေနေရာများတွင် အကောင်အထည်ဖော်သည့် စီမံကိန်းများ ဖြစ်သည်။
ထိုသို့ စုံစမ်းဖော်ထုတ် စစ်ဆေးမှုများကြောင့်လည်း ကြီးမားသည့် အကျင့်ပျက်ခြစားမှုကြီးပေါင်းများစွာ ပေါ်ပေါက်ခဲ့သည်ဟု ဆိုသည်။
သို့ရာတွင် ယခုကဲ့သို့ အရေးယူမှုစီမံကိန်းကြောင့်လည်း ဆောက်လုပ်ရေးစီမံကိန်းများ လိုင်စင်ထုတ်ပေးရာတွင် ကြန့်ကြာမှုများ ပေါ်ပေါက်လာစေသည်။
ထိုသို့ ကြန့်ကြာမှုများကြောင့် အရောင်းဈေးကွက်သို့ အိမ်ရာသစ်များ ဝင်ရောက်မှု ကျဆင်းစေပြီး အိမ်ခြံမြေ ဈေးနှုန်းမြင့်တက်မှုများ ပေါ်ပေါက်လာစေခြင်းလည်း ဖြစ်သည်။
Savills Vietnam မှ အချက်အလက်များအရ ၂၀၁၉ ခုနှစ်၊ ပထမ ၃ လပတ်အတွင်း ဟိုချီမင်းမြို့ တော်တွင် လူနေခန်းသစ် ဝင်ရောက်မှုမှာ ၁၂၀၀၀ ခန့်သာရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်လျှင် ၅၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားသည်ဟု ဆိုသည်။
ရောင်းလိုအား ကျဆင်းမှုကြောင့် ဇိမ်ခံတန်ဖိုးကြီး ကွန်ဒိုများ၏ ဈေးနှုန်းများမှာ ၁၅ ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီး တန်ဖိုးလတ် လူနေခန်းများမှာလည်း ဈေးနှုန်း ၁၃ ရာခိုင်နှုန်း မြင့်တက်လာသည်ကို တွေ့ရသည်။
လိုင်စင်ချထားမှု နှောင့်နှေးခြင်းနှင့် အိမ်ခြံမြေသစ်ဝင်ရောက်မှု ကျဆင်းခြင်းတို့ကြောင့် အစိုးရအတွက် အခွန်ငွေ ကျဆင်းမှုလည်း ဖြစ်ပေါ်စေပြီး သာဓကအားဖြင့် ဟိုချီမင်းမြို့တော်တွင် ၂၀၁၈ ခုနှစ်အတွင်း အခွန်ရငွေ ၂၂ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းသွားခဲ့သည်။
“ဒီတိုင်းဆက်သွားနေမယ်ဆိုရင် မြို့တော်ရဲ့ ဘဏ္ဍာရေးအခြေအနေ အကြပ်ဆိုက်လာနိုင်ပါတယ်။ မြေယာက ရတဲ့အခွန်အခတွေဟာ နှစ်စဉ် ဝင်ငွေရဲ့ ၁၀ ရာခိုင်နှုန်းလောက်အထိ ရှိတဲ့ကဏ္ဍကြီးပါ” ဟု ဒေါက်တာ လီက ပြောကြားသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)