ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲသည် တာရှည်နေမည်ဆိုပါက နှစ်နိုင်ငံလုံး၏ စီးပွားရေးများကို အထိနာစေမည်သာဖြစ် သော်လည်း လက်ရှိအားဖြင့် တရုတ်ပြည် အိမ်ခြံမြေဈေးကွက်တွင် အလားအလာများ ပေါ်ထွန်းလာနေလျက်ရှိကြောင်း City Developments (CDL) group ၏ အမှုဆောင်အရာရှိချုပ် ရှားမန်း ကွက်ခ်က ပြောကြားလိုက်သည်။
“အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲရဲ့  အကျိုးဆက်ဂယက်တွေ စတင်ပေါ်ပေါက်လာနေချိန်မှာ တရုတ်အစိုးရဟာ အိမ်ခြံမြေကဏ္ဍ တင်းကျပ်မှုတွေကို တဖြည်းဖြည်းချင်း ဖြေလျှော့ပေးလာနေပါပြီ” ဟု ရှားမန်းကွက်ခ်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။
CDL သည် တရုတ်အိမ်ခြံမြေ developer ဖြစ်သော Sincere Property Group တွင် ယွမ်ငွေ ၅ ဒသမ ၅ ဘီလီယံ (စင်္ကာပူဒေါ်လာ ၁ ဒသမ ၁ ဘီလီယံ) ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ခြင်းနှင့် စပ်လျဉ်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ရှားမန်းကွက်ခ်က အထက်ပါအတိုင်း ပြောကြားလိုက်ခြင်း ဖြစ်သည်။
သာဓကအားဖြင့် ဝယ်လက်များအတွက် အိမ်ခြံမြေဝယ်ယူခြင်းများ၊ ချေးငွေရယူခြင်းများတွင် ဖြေလျှော့မှုများ ပေးလာခြင်း၊ developer များ အတွက် အိမ်ခြံမြေများရောင်းချရာတွင် ဈေးနှုန်းမြင့်တင်မှုများ ခွင့်ပြုပေးလာခြင်းတို့ ဖြစ်သည်။
“ဒီလိုအချက်တွေက ကျွန်တော်တို့လို developer တွေအတွက် ဈေးကွက်ထဲကိုဝင်ဖို့ အခွင့်အလမ်းတွေ ရလာစေပါတယ်” ဟု မစ္စတာ ကွက်ခ်က ဆက်လက်ပြောကြားသည်။
လက်ရှိအားဖြင့် အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်အကြား ကုန်သွယ်ရေးစစ်ပွဲမှာ အရှိန်မြင့်နေပြီး အမေရိကန်က တရုတ်ပြည်မှ သွင်းကုန် ကန်ဒေါ်လာ ၂၀၀ ဘီလီယံအတွက် အကောက်ခွန် တိုးမြှင့်ကောက်ခံခြင်းများ ပြုလုပ်လျက်ရှိသည်။
သို့ရာတွင် ကုန်သွယ်ရေးစစ်ပွဲရေရှည်ဖြစ်ပေါ်နေခြင်းသည် တရုတ်ပြည်တွင်းရှိ ကုမ္ပဏီအားလုံးအပေါ် ထိခိုက်မှုများ ဖြစ်လာစေနိုင် သောကြောင့် စူပါ ပါဝါနှစ်နိုင်ငံအနေဖြင့် မကြာမီကာလများအတွင်း ကုန်သွယ်ရေးသဘောတူညီချက်ရအောင် ကြိုးပမ်းနိုင်မည်ဟု မျှော်လင့်ကြောင်းလည်း မစ္စတာကွက်ခ်က ပြောကြားသည်။
CDL ၏ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုများဆိုင်ရာ အကြီးအကဲ ဆိုဖီယာ ဒိုင်းက ပြောကြားရာတွင်မူ တရုတ်ပြည် အိမ်ခြံမြေ ဈေးကွက်မှာ ပြည်တွင်းဝယ်လိုအားကသာ အဓိကမောင်းနှင်နေခြင်း ဖြစ်သောကြောင့် ကုန်သွယ်ရေးစစ်ပွဲကြောင့် ထိခိုက်နိုင်ချေ နည်းပါးနိုင်ကြောင်း ပြောကြားသည်။
“ကုန်သွယ်ရေးစစ်ပွဲမှာ ထိခိုက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနိုင်ပါတယ်။ ဒါပေမယ့် အိမ်ခြံမြေကဏ္ဍမှာတော့ ကျွန်မတို့ဟာ သတိထားရင်း တဖက်ကနေ အကောင်းအမြင်ရှိနေပါတယ်” ဟု ဆိုဖီယာက ပြောကြားသည်။
ယခုရင်းနှီးမြှုပ်နှံမှုမှာ တရုတ်ပြည်အတွင်း တစ်ကြိမ်တည်းဖြင့် အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ကြောင်းလည်း CDL က ထုတ်ပြန်သည်။
ယခုနှစ် စတုတ္ထ ၃ လပတ်ကာလအတွင်း ရင်းနှီးမြှုပ်နှံမှုအပြီးသတ် လုပ်ဆောင်နိုင်မည်ဟု ခန့်မှန်းထားပြီး Sincere တွင် CDL က ရှယ်ယာ ၂၄ ရာခိုင်နှုန်း ပိုင်ဆိုင်လာမည် ဖြစ်သည်။
ယခုရင်းနှီးထည့်ဝင်မှု ပမာဏအရ စင်္ကာပူကုမ္ပဏီ CDL သည် Sincere တည်ထောင်သူ၊ ဥက္ကဌ ဝူရှုပြီးလျှင် Sincere တွင် ဒုတိယ အကြီးမားဆုံး ရှယ်ယာရှင်ဖြစ်လာတော့မည်လည်း ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)