ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့အခြေစိုက် Centara Hotel and Resorts ကုမ္ပဏီသည် လက်ရှိအားဖြင့် ကမ္ဘာတစ်ဝန်းတွင် ဟိုတယ်ပေါင်း ၇၆ ခု လည်ပတ်လျက်ရှိရာမှ ၁၃၄ လုံးအထိ ဖွင့်လှစ်သွားနိုင်ရန် ၅ နှစ်စီမံကိန်းဖြင့် အကောင်အထည်ဖော်လျက်ရှိကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြသည်။
၂၀၁၈ မှ ၂၀၂၂ အထိ ၅ နှစ်စီမံကိန်းဖြစ်ပြီး ယခုနှစ်မှာ စီမံကိန်း ဒုတိယနှစ်လည်းဖြစ်သည်။
Centara သည် ဟိုတယ်အလုံးရေမြှင့်တင်ရန်နှင့် ရှိရင်းစွဲဟိုတယ်များကို မွမ်းမံရန်အတွက် ဘတ်ငွေ ၂၀ ဘီလီယံ သုံးစွဲသွားရန် ရည်မှန်းထားသည်။
Centara Hotels and Resorts မှ အမှုဆောင်အရာရှိချုပ် သီရာယု ချီရာသီဗက်က ပြောကြားရာတွင် စီမံကိန်းကာလ အပြီးသတ်ပါက ကုမ္ပဏီ၏ ဝင်ငွေ ၂၀၁၈ ခုနှစ်တွင် ၉ ဘီလီယံရှိခဲ့ရာမှ ၂၀ ဘီလီယံအထိ မြင့်တက်လာနိုင်ကြောင်း ပြောကြားသည်။
ပြန်လည်မွမ်းမံလျက်ရှိသည်များတွင် ဘန်ကောက်ရှိ Centara Grand နှင့် ဆူရတ် သာနီရှိ Centara Grand Beach Resort Samui တို့ ပါဝင်သည်။
လာမည့် တတိယ ၃ လပတ်ကာလအတွင်း Centara Grand ကို တစိတ်တပိုင်း ပြန်လည်ပြုပြင်ခြင်းအတွက် ဘတ်ငွေ သန်း ၇၀၀ သုံးစွဲရန် Centara က ရည်မှန်းထားသည်။
မွမ်းမံခြင်းလုပ်ငန်းများသည် ဟိုတယ်လည်ပတ်မှုကို ထိခိုက်စေမည်မဟုတ်ကြောင်းလည်း မစ္စတာ သီရာယုက ပြောကြားသည်။
Centara Grand Beach Resort Samui အပန်းဖြေစခန်းကိုမူ လာမည့်ဇွန်လတွင် မွမ်းမံမှုများပြုလုပ်ရန် ပိတ်ပင်ထားမည်ဖြစ်ပြီး ဘတ်ငွေ ၁ ဒသမ ၂ ဘီလီယံသုံးစွဲ၍ မွမ်းမံသွားမည်ဖြစ်ကာ လာမည့်နှစ်တွင်မှ ပြန်လည်ဖွင့်လှစ်နိုင်မည်ဟု ဆိုသည်။
မွမ်းမံခြင်းလုပ်ငန်းများအပြင် ဘတ်ငွေ ၂၀ ဘီလီယံဘတ်ဂျက်မှ ဟိုတယ်သစ်ဆောက်လုပ်မှုများလည်း ပြုလုပ်သွားမည် ဖြစ်သည်။
ယခုနှစ်အတွင်း Centara သည် ပတ္တယားတွင် ဟိုတယ်သစ်တစ်လုံး ဖွင့်လှစ်သွားမည်ဖြစ်ပြီး စရိ ရချာခရိုင်နှင့် ကရာဘီပြည်နယ်တို့တွင် ဟိုတယ်သစ် ၂ လုံးကိုလည်း စီမံခန့်ခွဲမှု သဘောတူညီချက်များအောက်တွင် စတင်လည်ပတ်နေပြီဖြစ်သည်။
ဆက်လက်တိုးချဲ့မှုများ ပြုလုပ်သွားဦးမည်ဖြစ်ပြီး အထူးသဖြင့် ဒုတိယတန်းစား ပြည်နယ်များတွင်ဖြစ်ကြောင်း မစ္စတာ သီရာယုက ပြောကြားသည်။ ပြည်ပတွင်မူ Centara သည် ဖေဖော်ဝါရီလအတွင်း ကာတာတွင် ဟိုတယ်တစ်လုံး လည်ပတ်ရန် စာချုပ်ချုပ်ဆိုထားခဲ့သည်။
ကာတာတွင်ပင် အခြားစာချုပ်တစ်ခု လာမည့်နှစ်အတွင်း ထပ်မံချုပ်ဆိုသွားဖွယ်ရာလည်း ရှိသည်။
ထို့အပြင် Centara သည် ဧပြီလအတွင်း မြန်မာနိုင်ငံ မှ နေပြည်တော် ၊ ညောင်ရွှေ နှင့် တောင်ငူ တို့တွင် တည်ရှိသော ဟိုတယ် ၆ လုံးနှင့် သဘောတူစာချုပ်များ ချုပ်ဆိုခဲ့သည်ဟု ဆိုသည်။
Centara Hotels and Resorts သည် ထိုင်းစတော့အိတ်ချိန်းစာရင်းဝင် Central Plaza Hotels ၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အဓိက လုပ်ငန်း ၂ ခု လုပ်ကိုင်ရာ ဟိုတယ်နှင့် စားသောက်ကုန်လုပ်ငန်းများ ဖြစ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)