ပြည်ပ အိမ်ခြံမြေ သတင်း | Posted by စည်သူအောင်
မလေးရှားနိုင်ငံသားများသည် အိမ်ခြံမြေရူးသွပ်မှုတွင် ကမ္ဘာ့အဆင့် နံပါတ် ၄ နေရာနှင့် အာရှ၏ နံပါတ် ၁ အဖြစ် ရပ်တည်လျက်ရှိကြောင်း HSBC ၏ အွန်လိုင်းစစ်တမ်းကောက်ယူမှုတစ်ရပ်တွင် တွေ့ရှိခဲ့ကြသည်။
HSBC သည် အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် ရုံးချုပ်စိုက်သည့် ဘဏ်ကြီးဖြစ်ပြီး ကမ္ဘာ့နိုင်ငံပေါင်း ၈၀ ကျော်တွင် ဘဏ်ခွဲပေါင်း ၇၅၀၀ ကျော်ဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိသည်။
ကမ္ဘာ့အဆင့် ၃ နေရာတွင် ထိပ်တန်းမှ ရပ်တည်လျက်ရှိသည်မှာ (၁) အာရပ်စော်ဘွားများ ပြည်ထောင်စု (၂) အမေရိကန်ပြည်ထောင်စု နှင့် (၃) ထိုင်ဝမ်တို့ဖြစ်ကြသည်။
“မလေးရှားနိုင်ငံသားတွေဟာ အားကစားလုပ်တာ၊ စာအုပ်ဖတ်တာ၊ သတင်းကြည့်တာတွေထက်ပိုပြီး အိမ်ခြံမြေရှာဖွေတာဘက်မှာ အချိန်ကုန်ဆုံးလေ့ရှိကြတယ်”ဟု HSBC ၏ မလေးရှားဆိုင်ရာ အကြီးအကဲ တာရာ လာတီနီက ပြောကြားသည်။
“ဒီလို အိမ်ခြံမြေရူးသွပ်ကြတဲ့ မလေးရှားနိုင်ငံသားတွေအနက် ၂၆ ရာခိုင်နှုန်းကျော်ဟာ အွန်လိုင်းမှာ ၇ နာရီကနေ ၉ နာရီအထိ အိမ်ခြံမြေ ရှာဖွေနေလေ့ရှိကြပါတယ်” ပျှမ်းမျှအားဖြင့် မလေးရှားနိုင်ငံသားတို့သည် ရက်သတ္တတစ်ပတ်လျှင် အွန်လိုင်း၌ အိမ်ခြံမြေ ကြည့်ရှု ရှာဖွေမှု ၄ ဒသမ ၃၇ နာရီအထိ အချိန်သုံးစွဲလေ့ရှိသည်ဟု တာရာက ပြောကြားသည်။
မလေးရှားနိုင်ငံသားတို့၏ ပျှမ်းမျှစာအုပ်ဖတ်ချိန်မှာ ရက်သတ္တ တစ်ပတ်လျှင် ၁ ဒသမ ၉၅ နာရီ၊ သတင်းများ ဖတ်ရှုချိန် ၂ ဒသမ ၂၇ နာရီ သုံးစွဲပုံနှင့် နှိုင်းယှဉ်ကြည့်ပါက မလေးရှားနိုင်ငံသားတို့၏ အိမ်ခြံမြေရူးသွပ်မှုကို သိရှိနိုင်သည်။
အိမ်ခြံမြေ ရူးသွပ်မှု ပိုမိုသူများဆိုလျှင် တစ်ရက်လျှင် ၁၀ နာရီခန့်အထိ အွန်လိုင်းတွင် ရှာဖွေလေ့ရှိသည်ဟု ဆိုသည်။
HSBC သည် ယခုအချက်အလက်များကို အွန်လိုင်းတွင် ကောက်ယူခဲ့သည့် စစ်တမ်းအချက်အလက်များအရ သိရှိရခြင်းဖြစ်သည်။
သို့ရာတွင် မလေးရှားနိုင်ငံသားမည်မျှကို စစ်တမ်းကောက်ယူခဲ့သည်ဟူသည်ကိုမူ မသိရချေ။
မလေးရှားတွင် တန်ဖိုးသင့်အိမ်ရာများ နည်းပါးနေကြောင်း စထရိတ်တိုင်းမ်သတင်းစာ၏ ဖော်ထုတ်ရေးသားပြီးနောက်ပိုင်းတွင် HSBC ၏ စစ်တမ်းပေါ်ပေါက်လာခြင်း ဖြစ်သည်။
စထရိတ်တိုင်းမ်၏ ရေးသားချက်များအရ မလေးရှားတွင် ပျှမ်းမျှနေအိမ်ပေါက်ဈေးမှာ ရင်းဂစ် ၄၉၇၀၀၀ ဖြစ်ပြီး ၂၀၁၆ မှ ၂၀၁၈ ခုနှစ် ၊ မတ်လအထိ ရောင်းချခဲ့သော လူနေအိမ်များ၏ လေးပုံတစ်ပုံသာလျှင် ရင်းဂစ် ၂၅၀၀၀၀ အောက် ဈေးများရှိကြောင်း ဖော်ပြခဲ့ဖူးသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)