ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
မြန်မာနိုင်ငံ တွင် ကာစီနိုပါဝင်သည့် ဟိုတယ်လုပ်ငန်း ရင်းနှီးမြှုပ်နှံရန် မကာအိုနှင့် ဟောင်ကောင်တို့က စိတ်ဝင်စားနေသည်ဟု ရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး၊ ခေတ္တညွှန် ကြားရေးမှူးချုပ် ဦးသန့်စင်လွင် ကပြောသည်။
မြန်မာနိုင်ငံ တွင်ကာစီနိုလုပ်ငန်းကို ဥပဒေအရခွင့်ပြုရန်စီစဉ်ထားသော်လည်း လက်ရှိ၌လာ ရောက်လျှောက်ထားသူမရှိဘဲအထက်ပါနိုင်ငံများသည် စိတ်ဝင် စားသည့် အဆင့်သာ ရှိသေးကြောင်း ၎င်းကပြောသည်။
‘‘ဟောင်ကောင်ကုန်သွယ် ရေးမစ်ရှင်ရော၊ မကာအို ကုန်သွယ်ရေးမစ်ရှင်ရောတွေ့တဲ့အခါမှာ ဟိုတယ်လုပ်ငန်းမှာ လုပ်ချင်တယ်။ အထူးသဖြင့် မကာအို က လုပ်ချင်တယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် ကာစီနိုလုပ်ချင်နေတယ်’’ ဟု ဦးသန့်စင်လွင်က ပြောသည်။
သို့သော်လည်း မြေနေရာအသုံးချမှုအပါအ၀င်မည်သည့်နေရာများတွင်လုပ်ကိုင်မည်ကို တင်ပြလာခြင်း မရှိသေးကြောင်းနှင့် မြန်မာနိုင်ငံ၌ ကာစီနိုခွင့်ပြုခြင်းကို စည်းကမ်းနှင့် ညွှန်ကြားချက်ထုတ်ပြန်ရန်လည်း လိုအပ်ကြောင်း ၎င်းကဆိုသည်။
နိုင်ငံခြားသားများကိုသာ ကာစီနိုကစားခွင့်ပြုသည့်လောင်း ကစားဥပဒေကို ယခုနှစ် မေလ ၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်ကအတည်ပြုခဲ့သည်။
ယင်းဥပဒေသည် ၁၉၈၆ တွင် ပြင်ဆင်ပြဋ္ဌာန်းခဲ့သည် လောင်းကစားဥပဒေကို ပယ်ဖျက် ပြီး ပြဋ္ဌာန်းခဲ့သည်။ ဥပဒေထဲတွင် ပြည်ထောင်စုအစိုးရ၏ သဘော တူညီချက်ဖြင့်သာ ကာစီနိုဝိုင် များကို ခွင့်ပြုမည်ဟု ပြဋ္ဌာန်းထားသည်။
Credit: 7Daydaily