ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဧရာဝတီတိုင်းဒေသကြီး အတွင်း အစိုးရသစ်လက်ထက်တွင် အသစ်တည်ဆောက်နေသည့် တံတားကြီး ငါးစင်းရှိပြီး တံတားအားလုံးအား ၂၀၂၀ ခုနှစ်တွင် အပြီးတည်ဆောက်သွားမည်ဖြစ်ကာ တည်ဆောက်ပြီးစီးပါက တိုင်းဒေသကြီးအတွင်း လမ်းပိုင်းကွန်ရက်များ ချိတ်ဆက်မိသွားမည်ဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီး အား ဆက်သွယ်ပေးမည့် ကမ်းခြေပတ်လမ်းတွင် အဓိက အစိတ်အပိုင်းဖြစ်သော ငရုတ်ကောင်း-ငွေဆောင်- ချောင်းသာ- ရွှေသောင်ယံ- မကျီးဇင်- ကျောက်ချွန်- ဂွလမ်း ပေါ်ရှိ မကျီးဇင်ချောင်းကူး ပေအရှည် ၅၅၁ ဒသမ ၂ ပေရှိ မကျီးဇင်တံတားတည်ဆောက်နေမှုမှာ ၁၆ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ယင်းတံတားပြီးစီးပါက ရခိုင်ပြည်နယ် နှင့် ဧရာဝတီတိုင်းဒေသကြီး ဆက်သွယ်မည့် ကမ်းခြေပတ်လမ်းစီမံကိန်း လုပ်ငန်းအချို့ စတင်လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း၊ ကြံ့ခိုင်မှုအားနည်းလာသည့် ပုသိမ်ကြိုးတံတားနေရာတွင် အစားထိုးအသုံး ပြုနိုင်ရန်အတွက် အသစ်တည်ဆောက်နေသည့် ပေအရှည် ၂၃၈၀ ရှိ ငဝန်မြစ်ကူး ပုသိမ်တံတားအမှတ် (၂) တည်ဆောက်နေမှုမှာလည်း ၂၀၂၀ ခုနှစ်တွင် ပြီးစီးရန် ရည်ရွယ်တည်ဆောက်နေကြောင်း၊ နာဂစ်မုန်တိုင်းပြီးချိန်တွင် သဘာဝ ဘေးအန္တရာယ်များ ကြုံတွေ့လာပါက ဆက်သွယ်သွားလာနိုင်ရန် ဖော်ဆောင်ခဲ့သည့် နာဂစ်လမ်းမကြီးများအနက် လမ်းမကြီး အမှတ် ၁၀ ဖြစ်သည့် ဘိုကလေး-မော်လမြိုင် ကျွန်း- ကျုံမငေး- ၀ါးခယ်မ- မြောင်းမြလမ်းပေါ်ရှိ စော်ကဲမြစ်ကူး စော်ကဲတံတားနှင့် ကျွန်းပြာသဒ်မြစ်ကူးကျွန်း ပြာသဒ်တံတားများမှာလည်း ၂၀၂၀ ခုနှစ် အတွင်း ပြီးစီးမည် ဖြစ်ကြောင်း၊ ယင်းအပြင် ကြံ့ခိုင်မှုအားနည်းလာသည့် အိမ်မဲ-၀ါးခယ်မလမ်းပေါ်ရှိ ပြန်မလော့မြစ်ကူး ကျွန်းကုန်း ကြိုးတံတားနေရာတွင် အစားထိုးအသုံးပြုနိုင်ရန်အတွက် အသစ်တည်ဆောက်နေသည့် ကျွန်းကုန်း တံတားအသစ် စီမံကိန်းမှာလည်း ၂၀၂ဝခုနှစ် အတွင်းမှာပင် ပြီးစီးမည်ဖြစ်သောကြောင့် တံတားများပြီးစီးပါက ဧရာဝတီတိုင်းဒေသကြီးအတွင်း လမ်းပိုင်းကွန်ရက်များ ချိတ်ဆက်မိပြီး လွယ်ကူစွာ သွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
“မကျီးဇင်တံတားကတော့ ပေ ၅၅၀ ရှိတယ် လောလောဆယ်ကတော့ ၁၆ရာ ခိုင်နှုန်းလောက်ပြီးနေပါပြီ အဲ့ဒါက ၂၀၁၉ -၂၀၂ဝမှာ အပြီးဆောက်ရမဲ့ တံတားထဲမှာပါတာပေါ့။ နောက် ပုသိမ်မြစ်ကူးတံတာကြီးပေါ့နော် ပေ ၂၃၀၀ လောက်ရှိပါတယ်၊ ဒါဆိုလို့ရှိရင်လည်း ကျွန်တော်တို့က ၂၀၁၉ -၂၀၂၀ မှာ ပြီးစီးအောင် တံတားအထူးအဖွဲ့တွေက ကြိုးစားပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ်။ ပြည်ထောင်စုဘတ်ဂျက်နဲ့ တည်ဆောက်တာပေါ့။ လောလောဆယ်တော့ ၂၂ ရာခိုင်နှုန်းလောက် ပြီးစီးပြီလို့ ပြောလို့ရတာပေါ့၊ နောက် အဓိကအရေးကြီးတဲ့ နာဂစ်ချိန်ကပါခဲ့တဲ့ နာဂစ်လမ်း ၁၁ ပေါ်မှာရှိတဲ့ တံတားကြီးနှစ်စင်းရှိ တာပေါ့နော် အဲ့ဒါကတော့ မော်ကျွန်း- ကျုံမငေး- မြောင်းမြလမ်းပေါ်မှာရှိတဲ့ တံတားကြီးနှစ်စင်းရှိတယ် အဲဒါကတော့ စော်ကဲတံတားနဲ့ ကျွန်းပြသာဒ်ပေါ့နော် ပြည်ထောင်စုဘတ်ဂျက်နဲ့ တည်ဆောက်နေတာ အဲဒါကလည်း ပေနှစ်ထောင်ကျော်တွေချည်းပါပဲ တံတားကြီးတွေ ဒီတံတားကြီးတွေဆို လို့ရှိရင်လည်း ပြည်ထောင်စုဘတ်ဂျက်နဲ့ကိုဒါ အမြန်ဆုံး ၂၀၂၀ လောက်မှာ ပြီးနိုင်ဖို့ ကြိုးစားပြီးတော့ ဆောင်ရွက်နေတာ ရှိပါတယ် ဒီတံတားပြီးသွားပြီးရင်တော့ ကျွန်တော်တို့တိုင်းရဲ့ လမ်းပိုင်းကွန်ရက်က ပတ်လည်ချိတ်ဆက်မိသွားပါလိမ့်မယ်” ဟု ဧရာဝတီတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် လျှပ်စစ်၊ စက်မှု၊ လက်မှုနှင့် လမ်းပန်းဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။
Credit: Eleven Media Group