ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
မြင့်တက်နေသော ပြည်တွင်း ရွှေဈေးနှုန်း များသည် ကမ္ဘာ့ရွှေဈေး အပြောင်းအလဲကြောင့် ဈေးပြန်လည်မြင့်တက်ကြောင်း ရွှေဘုံသာရွှေဈေးကွက်အတွင်းမှ သိရသည်။
ကမ္ဘာ့ဈေးသည် ပြီးခဲ့သည့်ရက်ပိုင်းကထက် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၉ ဒေါ်လာခန့် နှင့် ပြည်တွင်းရွှေဈေးမှာ ၁၆ ပဲရည်အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်တစ်သောင်းခန့် ပြန်လည်မြင့်တက်လာပြီး ကမ္ဘာ့ရွှေဈေးအပေါ်မူတည်၍ ပြည်တွင်းရွှေဈေး လိုက်ပါပြောင်းလဲနိုင်ကြောင်း ရွှေကုန်သည်များက ဆိုသည်။
“ ဘာအပေါ်မှ မူမတည်ဘူး။ ဒေါ်လာဈေး ကလည်း သိပ်မပြောင်းတော့ ကမ္ဘာ့ဈေးအပေါ်ပဲ မူတည်ပြီး ပြောင်းမှာပဲ”ဟု ရွှေဘုံသာဈေးကွက်အတွင်းမှ ရွှေကုန်သည်တစ်ဦးက ဆိုသည်။
လက်ရှိ အမေရိကန်ဒေါ်လာဈေးမှာ မေလ နောက်ဆုံးပတ်အတွင်းက တစ်ဒေါ်လာလျှင် ၅ ကျပ်ခန့် ကျဆင်းခဲ့ရာမှ ယခုအခါ ၅ ကျပ်ခန့်ပြန်လည်မြင့်တက်ကြောင်း ငွေကြေးဈေးကွက်အတွင်းမှ သိရသည်။
လက်ရှိရွှေဈေးကွက်အတွင်း ၁၆ ပဲရည် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၁,၀၅၅,၂၀၀ ခန့်၊ ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၃၀၄ ခန့်ဈေးရှိပြီး ပြင်ပဒေါ်လာ ဈေးကွက်အတွင်း အမေရိကန်တစ်ဒေါ်လာလျှင် ၁၅၃၀ ကျပ်ဈေးရှိကြောင်း ငွေကြေးဈေးကွက်နှင့် ရွှေဘုံသာရွှေဈေးကွက်တို့အတွင်းမှ သိရသည်။
Credit: The Voice