ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by နှင်းအိခင်
ဒေသခံပြည်သူ များ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တွင် အသေးစား(SME)လုပ်ငန်းစုများပါဝင်သော စက်မှုဇုန် တစ်ခုဖော်ဆောင်မည်ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးဦးခင်မောင်ချိုက ပြောကြားသည်။
မေလ ၃၀ ရက်အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ချင်းပြည်နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်းမေးမြန်းသည့် ' ပလက်ဝမြို့နယ် တွင် အသေးစား(SME) လုပ်ငန်းစုများပါဝင်သော စက်မှုဇုန် တစ်ခုအကောင်အထည်ဖော် ရန်အစီအစဉ်ရှိ၊ မရှိ ’ မေးခွန်းကို ဖြေကြားခြင်းဖြစ်သည်။
ထိုစက်မှုဇုန်ကို အကောင်အထည်ဖော်နိုင်ရန် လက်ရှိတွင် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြေပြင်ကွင်းဆင်းလေ့လာရေးအ ဖွဲ့ဖွဲ့စည်းကာ ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုများ ဆောင်ရွက်နေ ကြောင်း ဦးခင်မောင်ချိုက လွှတ်တော်သို့တင်ပြသည်။
အဆိုပါလေ့လာရေးအဖွဲ့ အစီရင်ခံစာအပေါ်မူတည်ကာ ပြည်နယ်အစိုးရအဖွဲ့နှင့်သက် ဆိုင်ရာဝန်ကြီးဌာနများ ဆက်လက်ပူးပေါင်းဆောင်ရွက်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ထိုစက်မှုဇုန်ပေါ်ပေါက်လာသည့်အခါ လိုအပ်သည့်ကျွမ်းကျင်လုပ်သားများ မွေးထုတ်နိုင်ရေး ကြိုတင်စီမံသည့်အနေဖြင့် ပလက်ဝမြို့တွင် စက်မှုသင်တန်းကျောင်းတစ်ခုကို ထိုင်းနိုင်ငံ (NEDA) အထောက်အပံ့ဖြင့် ဖွင့်လှစ်ရန်စီစဉ်နေကြောင်း ဦးခင်မောင်ချိုက ပြောသည်။
ထိုသင်တန်းကျောင်းတွင် အသေးစားလုပ်ငန်းများအတွက် အထောက်အကူပြုစေမည့် လျှပ်စစ်နှင့်အီလက်ထရွန်နစ်ဘာသာရပ်၊ ဂဟေဆက်ပညာဘာသာ ရပ်၊ မော်တော်ယာဉ်စက်ပြင်ဘာ သာရပ်၊ တွင်ခုံဖောက်ခုံစက်ကိုင် ကျွမ်းကျင်ဘာသာရပ်စသည့်အသက်မွေးဝမ်းကျောင်းပညာရပ် များသင်ကြားမည်ဟု ၎င်းကဆို သည်။
ချင်းပြည်နယ် သည် ဖွံ့ဖြိုးမှုနိမ့်ကျသောပြည်နယ်တစ်ခုဖြစ် ပြီး အလုပ်အကိုင်ရှားပါးသဖြင့် ဒေသခံလူငယ်၊လူရွယ်များ ရန်ကုန်၊ မန္တလေးတို့ အပြင် နိုင်ငံရပ်ခြားတိုင်းပြည်များသို့ သွားရောက် လုပ်ကိုင်နေရကြောင်း မေးခွန်းရှင်ဦးဝှေ့တင်းက ပြောသည်။
လူဦးရေတစ်သိန်းကျော်ရှိ သောပလက်ဝမြို့နယ်မှ လူငယ် ၂၀၀ ကျော်မှာလည်း မိမိဒေသတွင် အလုပ်အကိုင်ရှားပါးသဖြင့် ရန်ကုန်မြို့သို့ သွားရောက်လုပ်ကိုင်နေရကြောင်း ၎င်းက ပြောသည်။
ထို့အပြင် ပြည်ပသို့သွား ရောက်လုပ်ကိုင်သူများလည်း ရှိသေးကြောင်း ၎င်းကဆိုသည်။
နိုင်ငံတော်၏စက်မှုကဏ္ဍ တိုးတက်စေရန်၊ လူမှုစီးပွားဘ၀ မြင့်မားစေရန်နှင့် နိုင်ငံ၏ GDP တိုးတက်လာစေရန် စက်မှုဇုန် ၁၉ ခုဖွင့်လှစ်ထားကြောင်း စက်မှုဇုန်ဝန်ကြီးဦးခင်မောင်ချိုက ဆို သည်။ ထိုစက်မှုဇုန်များမှာ အားရကျေနပ်ဖွယ်ရာ တိုးတက်မှုမျိုး မတွေ့ရသေးသဖြင့် တစ်ဆင့်ပြီး တစ်ဆင့် တက်လှမ်းရန်ကြိုးပမ်းနေကြောင်း ၎င်းကပြောကြားသည်။
Credit: 7Daydaily