ပြည်ပ အိမ်ခြံမြေ သတင်း | Posted by အေးမြတ်သူ
ဟောင်ကောင်ထိပ်တန်း အိမ်ခြံမြေကုမ္ပဏီကြီး Henderson Land တည်ထောင်သူ လီရှောက်ကီသည် မေလ ၂၈ ရက်တွင် ကုမ္ပဏီတာဝန်များမှ အနားယူသွားပြီဖြစ်ပြီး သား ၂ ဦးထံ အရိုက်အရာများ လွှဲပြောင်းပေးအပ်လိုက်ပြီ ဖြစ်သည်။
အနားယူချိန်တွင် သူ၏ ကြွယ်ဝမှုပမာဏမှာ ဖော့ဘ်မဂ္ဂဇင်းကြီး၏ ခန့်မှန်းချက်အရ ကန်ဒေါ်လာ ၃၁ ဒသမ ၉ ဘီလီယံရှိသည်ဟု ခန့်မှန်းထားရာ လီကာရှင်း၏ ခန့်မှန်းကြွယ်ဝမှုပမာဏ ကန်ဒေါ်လာ ၂၉ ဒသမ ၆ ဘီလီယံကို ဖြတ်ကျော်သွားကာ ဟောင်ကောင်၏ အချမ်းသာဆုံးပုဂ္ဂိုလ်နေရာသို့ ရောက်ရှိလာသည်။
လီရှောက်ကီသည် ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးအဖြစ် လီကာရှင်းနောက်တွင် ၁၂ နှစ်ခန့် ရပ်တည်ခဲ့သည်။
လီရှောက်ကီသည် ပြီးခဲ့သော မတ်လတွင် အသက် ၉၀ ပြည့်ခဲ့ပြီဖြစ်ပြီး အသက်အရွယ်အရ စီးပွားရေးလောကမှ အနားယူတော့မည် ဖြစ်ကြောင်း ဟောင်ကောင်စတော့အိတ်ချိန်းတွင် ကြေညာချက် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။
မေလ ၂၈ ရက် မနက်က Henderson Land ကုမ္ပဏီတွင် ရှယ်ယာရှင်များ နှစ်ပတ်လည်အစည်းအဝေးကျင်းပခဲ့သော်လည်း လီရှောက်ကီမှာ လည်ချောင်းနာနေသောကြောင့် စကားမပြောနိုင်ခဲ့ချေ။
ဟောင်ကောင်တွင် “နံပါတ် ၄ ဦးလေးကြီး” ဟု ချစ်စနိုးအမည်ပေးထားသော လီရှောက်ကီ၏ အရိုက်အရာကို သား ၂ ဦးဖြစ်သော ပီတာလီကာကစ်နှင့် မာတင်လီကာရှင်းတို့က ဆက်ခံမည်ဖြစ်ပြီး ပူးတွဲဥက္ကဌ၊ မန်နေးဂျင်းဒါရိုက်တာ တာဝန်များ ရယူကြမည် ဖြစ်သည်။
ယခုကဲ့သို့ အရိုက်အရာလွှဲပြောင်းကာ အနားယူတော့မည်ဖြစ်ကြောင်း လီရှောက်ကီက ပြီးခဲ့သော မတ်လကတည်းကပင် ကြေညာထားခဲ့ခြင်းလည်း ဖြစ်သည်။
သို့ရာတွင် လီရှောက်ကီသည် ဒါရိုက်တာအနေဖြင့် ဆက်လက်ပါဝင်နေဦးမည်ဖြစ်ကာ ကုမ္ပဏီ၏ အရေးကြီးသော ဆုံးဖြတ်ချက်များတွင် အကြံပေးခြင်းများ ဆက်လက်ပြုလုပ်သွားမည် ဖြစ်သည်ဟု ဆိုသည်။
လီရှောက်ကီက ၎င်း၏ သားနှစ်ဦးမှာ ကိုယ်ရည်ကိုယ်သွေး အနည်းငယ်မျှ ကွဲပြားကြကြောင်းလည်း ထုတ်ဖော်ပြောကြားသည်။
“ကာကစ်က ပြင်လွယ်ပြောင်းလွယ်ရှိပြီး ကာရှင်းကတော့ လက်တွေ့ဆန်တယ်။ ကာကစ်က ပြည်မကြီးအတွက် အဓိက တာဝန်ယူသွား မှာဖြစ်ပြီး ကာရှင်းက ဟောင်ကောင်အတွက် တာဝန်ယူမှာပါ” ဟု လီရှောက်ကီက ဆိုသည်။
ကုမ္ပဏီအတွက်မူ ဟောင်ကောင်နှင့် ပြည်မကြီး နှစ်ခုလုံးမှာ အရေးပါသည့်ဈေးကွက်များချည်းဖြစ်ပြီး အနာဂတ်တွင် နှစ်နေရာလုံး၌ တိုးတက်မှုများ ရရှိစေရန် ကြိုးပမ်းသွားမည်ဟု ဆိုသည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)