ပြည်ပ အိမ်ခြံမြေ သတင်း | Posted by ရွှေစင်ဝင်း
ဟောင်ကောင်၏ ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ် လီရှောက်ကီ ပိုင်ဆိုင်သော Henderson Land ကုမ္ပဏီသည် တရုတ်ပြည်၊ ပေကျင်း မြို့တော်တွင် မြေကွက်တစ်ခုကို ယွမ်ငွေ ၃ ဘီလီယံအထိ စံချိန်တင်ဈေးနှုန်းပေးကာ လေလံဆွဲ ဝယ်ယူလိုက်ကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Henderson Land သည် အဆိုပါမြေနေရာကို ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၆၉၅၀၀ ဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး လေလံစတင်ဈေးပေးခဲ့ကြသည့် ပမာဏထက် ၂၃ ဒသမ ၃ ရာခိုင်နှုန်း မြင့်မားသည့် ပမာဏလည်း ဖြစ်သည်။
Henderson Land ၏ ဥက္ကဌ လီရှောက်ကီသည် မေလ ၂၈ ရက်က အနားယူသွားခဲ့ရာ ၁၅ နှစ်တာ ဝေးကွာနေခဲ့သော ပေကျင်းအိမ်ခြံမြေလောကကို လီရှောက်ကီခေတ်အလွန် စံချိန်တင် ဝယ်ယူမှုဖြင့် အသစ်တစ်ဖန် စတင်လိုက်ခြင်းလည်း ဖြစ်သည်။
ဝယ်ယူလိုက်သည့် မြေနေရာမှာ ပေကျင်းမြို့၊ ကျောက်ယန်ခရိုင်တွင် တည်ရှိပြီး ယွမ်ငွေ ၃ ဒသမ ၀၂ ဘီလီယံ (ကန်ဒေါ်လာ သန်း ၄၄၀) ဖြင့် လေလံအောင်မြင်သွားခြင်း ဖြစ်သည်။
ပေကျင်းမြေယာဈေးကွက်နှင့် ဆယ်စုနှစ်တစ်ခုကျော် ဝေးကွာနေခဲ့သည့် Henderson Land အတွက် ယခုအောင်မြင်မှုမှာ အံ့အားသင့်ဖွယ်ဖြစ်ပြီး ယှဉ်ပြိုင်လေလံဆွဲခဲ့ကြသည့်ကုမ္ပဏီများမှာ တရုတ်ထိပ်တန်းကုမ္ပဏီကြီးများဖြစ်ပြီး Ping’an၊ Country Garden နှင့် Longfor တို့ အပါအဝင် ကုမ္ပဏီပေါင်း ၁၁ ခု ပါဝင်လေလံဆွဲခဲ့ကြသည်။
ပေကျင်းတွင် Henderson Land က နောက်ဆုံးအကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းမှာ ၂၀၀၄ ခုနှစ်အတွင်းကဖြစ်ပြီး ပေကျင်း၏ စီးပွားရေးအချက်အခြာဒေသတွင် မြေနေရာကို ဝယ်ယူလိုက်ပြီး အထင်ကရအဆောက်အအုံကြီးဖြစ်သော Beijing World Financial Centre ကို ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
ယခုဝယ်ယူလိုက်သော ဈေးနှုန်းအရ Henderson Land သည် လူနေခန်းများကို အနည်းဆုံး ၁ စတုရန်းမီတာလျှင် ယွမ် ၁၀၀၀၀၀ ခန့်ဖြင့် ရောင်းချမှ အမြတ်အစွန်းရရှိမည်ဖြစ်ကြောင်း ဈေးကွက်သုတေသီတို့က သုံးသပ်သည်။
Credit: iMyanmarHouse.com (iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)