ပြည်တွင်း အိမ်ခြံမြေ သတင်း | Posted by ဇာနည်ကျော်
မြန်မာနိုင်ငံ အတွင်း လယ်ယာမြေအမှုများနှင့်ပတ်သက်၍ လယ်ယာမြေလုပ်ပိုင် ခွင့်ပုံစံ (၇) အမည်မပေါက်ဘဲ ဝယ်ယူလုပ်ကိုင်နေသူများသည် ပုံစံ (၇) အမည် ပြောင်းလျှင် လယ်သမားများဖြစ်သွားမည်ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂဌာနချုပ်ဥက္ကဋ္ဌ ဦးဗန်းရှိန်က မေ ၂၄ ရက်တွင် The Daily Eleven သတင်းစာသို့ ပြောကြားသည်။
“ သမဂ္ဂကပြောချင်တာက လယ်လုပ်တဲ့သူ အကုန်လုံးဟာ လယ်သမားပဲ။ လယ်သမားအမည်ခံပြီး လယ်ထဲမှာမရှိတဲ့သူ၊ လယ်မလုပ်တဲ့သူ သီးခြားချတာဆိုရင် အဲဒီလူ လယ်သမားမဟုတ်ဘူး။ လယ်ထဲမှာ တကယ်လုပ်စားနေတဲ့သူ အကုန်လယ်သမားပဲ။ ပုံစံ (၇) ရှိမှလည်း မဟုတ်ဘူး။ အန်ကယ်တို့ငယ်ငယ်တုန်းက ပုံစံ (၇) တွေရှိမှ မရှိတာ။ အခုဒီခေတ်ရောက်မှ ရှိလာတာ။ လယ်သမားက လယ်သမားပဲ။ မိဘဘိုးဘွား စဉ်ဆက်လုပ်လာတဲ့ လယ်သမားအားလုံးဟာ လယ်သမားပဲ။ လယ်ယာမြေလုပ်ပိုင် ခွင့်ပုံစံ (၇) အမည်မပေါက်ဘဲ ဝယ်ယူလုပ်ကိုင်နေတဲ့သူတွေကို ပုံစံ (၇) အမည်ပြောင်းလိုက်ရင် အဲဒီလူတွေလည်း လယ်သမားဖြစ်သွားမှာပဲ ” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာပြည်ထောင်စု တိုင်းရင်းသားတောင်သူ လယ်သမားသမဂ္ဂဌာနချုပ် ဥက္ကဋ္ဌ ဦးဗန်းရှိန်က ပြောကြားသည်။
တချို့သည် လယ်ယာမြေများကို ဝယ်ယူထားခြင်းဖြစ်သည့်အတွက် အမည်ပေါက် မလျှောက်ထားကြောင်း၊ တချို့သည် ငွေရှင်များကဝယ်ပြီး လယ်သမားများကို သီးခြားချထားကြောင်း၊ တချို့သည် လယ်မလုပ်ဘဲလယ်သမားအမည်ခံလျှောက်သည့်သူများလည်း ရှိကြောင်း ဦးဗန်းရှိန်က ဆိုသည်။
မေ ၂၂ ရက်တွင် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းအတွင်း လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်မရှိဘဲ ဖြစ်ပွားနေသည့်အမှုတွဲ ၁၈၀၀၀ ခန့်ရှိနေပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ (၇) အမည်ပေါက် သူနှင့် နာမည်မပေါက်ဘဲ ဝယ်ယူလုပ်ကိုင်ထားမှုအတွက် ဇွန် ၁ ရက်မှစ၍ ပုံစံ (၇) ကို အမည်ပြောင်းရမည်ဖြစ်ကြောင်း ပြောကြားထားသည်။
“မြေနဲ့ပတ်သက်ရင် ကျွန်တော်တို့ ရန်ကုန်တိုင်းက အလွန်ကို လှုပ်ခတ်တဲ့အထဲမှာ ပါပါတယ်။ ကျွန်တော်တို့တိုင်းအတွင်းမှာ လယ်ယာမြေကို အခြားနည်းဖြင့်သုံးစွဲခွင့် မလျှောက်ဘဲဖြစ်နေတဲ့အမှုပေါင်း ၁၈၀၀၀ လောက်ရှိနေပါတယ်။ ဒါ ကျွန်တော်တို့ဆီမှာ များပြားလှတဲ့အမှုတွဲတွေ ရှိပါတယ်။ ဒါနဲ့ပတ်သက်ပြီး ပြည်ထောင်စုဝန်ကြီးဌာနကို သဘောထားမှတ်ချက်တွေ ကျွန်တော်တို့ တောင်းခံထားပါတယ်။ ဘာလို့သဘောထား တောင်းခံတာလဲဆိုရင် ဒီကိစ္စတွေကို စနစ်တကျ ဥပဒေဘောင်ထဲကို ပြန်တွန်းလှန်နိုင်ဖို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေအရဆိုရင် ဒဏ်ရိုက်ရမှာဖြစ်ပါတယ်။ ဒဏ်ရိုက်ပြီးရင် မြေကို သိမ်းရမှာဖြစ်ပါတယ်။ အဲဒီမြေကို လယ်ယာ မြေအဖြစ် ပြန်လည်အသုံးပြုရမှာဖြစ်ပါ တယ်။ ဥပဒေက ဒီအတိုင်းပဲ ပေးထားတာ ဖြစ်ပါတယ်။ ဒဏ်ရိုက်ပြီးတော့ ဒီဥစ္စာကို အ ခြားနည်းလမ်းပေးသုံးလို့မရပါဘူး။ ဒါပေမဲ့ ဒီကိစ္စက အထူးကိစ္စတစ်ရပ်အနေနဲ့ ဆောင်ရွက်ရမယ်ဆိုရင် ဥပဒေထဲက အခွင့်အလမ်းတွေထဲကနေပြီးတော့ ဒီဥစ္စာကို ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေမပေါ်ခင်က ဘယ်လို အခွင့်အလမ်းပေးပြီး ဆောင်ရွက်ခဲ့တယ်ဆိုတာကို ညှိနှိုင်းဆောင်ရွက်သွားရမှာဖြစ်ပါတယ် ” ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း မြို့ နယ် ၄၅ မြို့နယ်တွင် ၁၆ မြို့နယ်သည် လယ်ယာမြေနှင့်ပတ်သက်နေပြီး ၎င်း၁၆ မြို့နယ်တွင် သိမ်းဆည်းခံလယ်ယာမြေပေါင်း ၃၃၄၅၀၀ ခန့်ရှိကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားသမဂ္ဂဌာနချုပ်သို့ တိုင်ကြားသည့်အမှုပေါင်းသည် ၃၀၀ ကျော် ရှိပြီး အဓိကအမှုသည် ၃၃ မှုရှိကြောင်း သမဂ္ဂဌာနချုပ်ဥက္ကဋ္ဌ ဦးဗန်းရှိန်၏ ပြောကြားချက်အရ သိရသည်။
လယ်ယာမြေများ ပြန်လည်ရရှိမှုသည် ဧရာဝတီတိုင်းတွင် အများဆုံးရရှိပြီး မကွေးတိုင်း၊ ပဲခူးတိုင်း များတွင်လည်း လယ်ယာမြေများ ပြန်လည်ရရှိထားကာ ရန်ကုန်တိုင်းတွင် ၁၀ ရာခိုင်နှုန်းပင်လျှင် မရရှိသေးကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသားတောင်သူလယ်သမား သမဂ္ဂဌာန ချုပ်ဥက္ကဋ္ဌ ဦးဗန်းရှိန်က ဆိုသည်။
Credit: Eleven Media Group